ရုရှားက ယူကရိန်းအရပ်သား နေရာများကို တိုက်ခိုက်မှုကြောင့် သေဆုံးသူအရေအတွက် (၂၅) ဦးအထိ မြင့်တက်လာ

ရုရှားက ယူကရိန်းအရပ်သား နေရာများကို တိုက်ခိုက်မှုကြောင့် သေဆုံးသူအရေအတွက် (၂၅) ဦးအထိ မြင့်တက်လာ
ဇန်နဝါရီ 16, 2023 | နိုင်ငံတကာသတင်း
By Mr John

ရုရှားက ယူကရိန်းနိုင်ငံ ဒီနီပရိုမြို့တွင်း အရပ်သားနေရာများကို ဒုံးကျည်ဖြင့်တိုက်ခိုက်မှုကြောင့် လက်ရှိအချိန်အထိ ကလေးငယ်တစ်ဦး အပါအဝင် လူ (၂၅) ဦး သေဆုံးခဲ့ပြီး (၇၃) ဦး ဒဏ်ရာရခဲ့ကြောင်းနှင့် ဒဏ်ရာရသူများအနက် ကလေးငယ် (၁၃) ဦး ပါဝင်ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်းစကီးက ၂၀၂၃ခုနှစ် ဇန်နဝါရီလ (၁၅) ရက်တွင် Telegram ၌ ပြောခဲ့သည်။ 

ရုရှား၏ တိုက်ခိုက်မှုအတွင်း အပျက်အစီးများထဲမှ လူ (၃၉) ဦးကို ကယ်ထုတ်နိုင်ခဲ့သော်လည်း နောက်ထပ် လူ (၄၃) ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သမ္မတဇီလန်းစကီးက ဆိုသည်။

ယူကရိန်းအလယ်ပိုင်း Dnipropetrovsk နယ်မြေ အုပ်ချုပ်ရေးမှူး Valentny Reznichenko က ဇန်နဝါရီလ (၁၅) ရက် နံနက် (၇) နာရီ (၂၅) မိနစ်အချိန် Telegram တွင် ရေးသားခဲ့မှုအရ ရုရှားတိုက်ခိုက်မှုအတွင်း လူ (၇၃) ဦး ဒဏ်ရာရခဲ့ပြီး ၎င်းတို့အနက် အထူးကြပ်မတ်ကုသဆောင်တွင် ကုသပေးနေရသူ (၄) ဦး အပါအဝင် (၄၀) ဦးကို ဆေးရုံတင်ထားရကြောင်း သိရသည်။

"ကယ်ဆယ်ရေးလုပ်ငန်း ဆက်လုပ်နေပါတယ်။ ပျောက်ဆုံနေသူ လူ (၄၀) ကျော်ရဲ့ ကံကြမ္မာကို မသိနိုင်သေးပါဘူး" ဟု ၎င်းကပြောသည်။ 

ရုရှားတိုက်ခိုက်မှုကြောင့် လူနေတိုက်ခန်း (၇၂) ခု ပျက်စီးသွားခဲ့ကြောင်း Reznichenko က ဖြည့်စွက်ပြောခဲ့သည်။ 

ယူကရိန်းစစ်တပ်၏ ဇန်နဝါရီလ (၁၅) ရက် ထုတ်ပြန်မှုအရ ရုရှားက ဇန်နဝါရီလ (၁၄) ရက်နေ့တွင် လေကြောင်းတိုက်ခိုက်မှု (၃) ကြိမ်၊ ဒုံးကျည် (၇၅) စင်းဖြင့် တိုက်ခိုက်မှုနှင့် လက်နက်ကြီး ဒုံးပစ်လွှတ်စနစ် salvo မှ တိုက်ခိုက်မှု (၆၉) ကြိမ် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ 

ယူကရိန်းတပ်ဖွဲ့များက ရုရှားဒုံးကျည် (၂၆) စင်းကို ပစ်ချနိုင်ခဲ့သည်ဟု ဆိုသည်။

ယခုတိုက်ခိုက်မှုများနှင့် ပတ်သက်၍ ရုရှားဘက်က ချက်ချင်း မှတ်ချက်ပေးမှု မရှိသေးကြောင်း Reuters သတင်းက ဖော်ပြသည်။ 

ရုရှား၏ ယခုတိုက်ခိုက်မှုများမှာ သီတင်း (၂) ပတ်အတွင်း အကြီးဆုံး တိုက်ခိုက်မှုများ ဖြစ်လာသည်။ 

ဇန်နဝါရီလ (၁၄) ရက်နေ့တွင် ရုရှားတိုက်ခိုက်မှုများကြောင့် ကိဗ်မြို့နှင့် အခြား နေရာများတွင်လည်း အရေးပါသည့် အခြေခံ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

Source: Reuters

Photo: REUTERS/Clodagh Kilcoyne,