နေတိုး စစ်ရေးမဟာမိတ်အဖွဲ့ဝင်ဖြစ်ရန် လျှောက်ထားမည်ဟု ဆွီဒင်က တရားဝင် ဆုံးဖြတ်

နေတိုး စစ်ရေးမဟာမိတ်အဖွဲ့ဝင်ဖြစ်ရန် လျှောက်ထားမည်ဟု ဆွီဒင်က တရားဝင် ဆုံးဖြတ်
By Mr John

NATO မဟာမိတ်အဖွဲ့ဝင်ဖြစ်ရန် လျှောက်ထားသွားမည်ဟု ဆွီဒင်အစိုးရက တရားဝင် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း ဝန်ကြီးချုပ် Magdalena Andersson က မေလ (၁၆) ရက်တွင် ကြေညာသည်။ 

ဆွီဒင်အစိုးရ၏ ယခုဆုံးဖြတ်ချက်က စစ်အေးကာလတစ်လျှောက် စစ်ရေးပူပေါင်းဆောင်ရွက်ခြင်း မရှိခဲ့မှုကို အဆုံးသတ်တော့မည့် လက္ခဏာလည်း ဖြစ်လာသည်။ 

ဆွီဒင်အာဏာရပါတီ Swedish Social Democratic က NATO အဖွဲ့သို့ ဝင်ရောက်ရန် နှစ်ပေါင်း (၇၃) နှစ်ကြာ ၎င်းတို့၏ ဆန့်ကျင်ကန့်ကွက်လာမှုကို မေလ (၁၅) ရက်နေ့တွင် စွန့်လွှတ်လိုက်ပြီ ဖြစ်သည်။

ဖေဖေါ်ဝါရီလ (၂၄) ရက်နေ့တွင် ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက်ပိုင်း ဆွီဒင်အာဏာရပါတီက NATO နှင့်ပတ်သက်သည့် ၎င်းတို့၏ ရပ်တည်ချက်ကို ပြောင်းလဲလိုက်ပြီး NATO အဖွဲ့ဝင် အမြန်ဖြစ်လာရန် မျှော်လင့်နေကြောင်း သိရသည်။ 

"ကျွန်မတို့ ခေတ်တစ်ခေတ်ကို ချန်ထားခဲ့လိုက်ပြီး ခေတ်သစ်ကို ဝင်ရောက်နေပါပြီ" ဟု ဆွီဒင်ဝန်ကြီးချုပ်က ပြောသည်။ 

NATO အဖွဲ့ဝင်အဖြစ် လျှောက်ထားမှုကို မေလ (၁၆) ရက်၊ မေလ (၁၇) ရက် သို့မဟုတ် မေလ (၁၈) ရက်တွင် ဆောင်ရွက်နိုင်ပြီး ဖင်လန်နိုင်ငံနှင့်အတူတူဖြစ်မည်ဟု သူမက ဆိုသည်။

ဆွီဒင်နှင့်အိမ်နီးချင်း ဖင်လန်နိုင်ငံကလည်း NATO စစ်ရေးမဟာမိတ်အဖွဲ့ဝင်ဖြစ်ရန် လျှောက်ထားသွားမည်ဟု မေလ (၁၅) ရက်နေ့တွင် အတည်ပြု ကြေညာထားသည်။ 

"NATO က ဆွီဒင်ကို အင်အားကောင်းလာစေမယ်၊ ဆွီဒင်က NATO ကို အင်အားကောင်းလာစေမယ်" ဟု Magdalena Andersson က ဆိုသည်။ 

သို့သော် အဖွဲ့ဝင်အဖြစ် လျှောက်ထားမှုကို အတည်ပြုခဲ့ပါက နိုင်ငံပိုင်နက်အတွင်း NATO စစ်အခြေစိုက်စခန်းများ သို့မဟုတ် နျူကလီးယားလက်နက်များကို အမြဲတမ်းထားရှိခြင်းကို ဆွီဒင်က မလိုလားကြောင်း သူမက ပြောသည်။

ရုရှားနိုင်ငံကမူ ဖင်လန်နှင့် ဆွီဒင် နှစ်နိုင်ငံလုံးကို NATO အဖွဲ့ဝင်ဖြစ်ရန် လျှောက်ထားမည့်ကိစ္စနှင့် ပတ်သက်ပြီး အကြိမ်ကြိမ် သတိပေးခဲ့သည်ဟု ဆိုသည်။ 

ရုရှားအစိုးရနှင့် သမ္မတပူတင်၏ ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီပက်စ်ကော့ဗ်ကတော့ "NATO အဖွဲ့ဝင်တိုးချဲ့ခြင်းက ဥရောပတိုက်ကို ပိုမို တည်ငြိမ်လုံခြုံစေမှာ မဟုတ်ပါဘူး" ဟု သတင်းထောက်များကို မေလ (၁၂) ရက်နေ့တွင် ပြောခဲ့သည်။

၁၉၄၉ ခုနှစ် ဧပြီလ (၄) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည့် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ North Atlantic Treaty Organization (NATO) ခေါ် စစ်ရေးမဟာမိတ်အဖွဲ့တွင် လက်ရှိအချိန်အထိ နိုင်ငံပေါင်း (၃၀) ပါဝင်ကြပြီး ဥရောပနိုင်ငံ (၂၈) နိုင်ငံနှင့် အမေရိကန်နှင့် ကနေဒါတို့ ဖြစ်ကြသည်။ ‌

NATO အဖွဲ့ဝင် နိုင်ငံများ အဖြစ် အယ်လ်ဘေးနီးယား၊ ဘူလ်ဂေးရီးယား၊ ဘယ်လ်ဂျီယံ၊ ကနေဒါ၊ ခရိုအေးရှား၊ ဒိန်းမတ်၊ ချက်ရီပတ်ဘလစ်၊ ပြင်သစ်၊ အက်စ်တိုးနီးယား၊ ဂရိ၊ ဂျာမနီ၊ အီတလီ၊ အိုက်စလန်၊ ဟန်ဂေရီ၊ လတ်ဗီးယား၊ လစ်သူယေးနီးယား၊ လူဇင်ဘတ်၊ မွန်တီနီဂရိုး၊ နယ်သာလန်၊ မြောက်မက်ဆီဒိုးနီးယား၊ ပိုလန်၊ နော်ဝေး၊ ပေါ်တူဂီ၊ ရိုမေးနီးယား၊ ဆလိုဗက်ကီးယား၊ ဆလိုဗေးနီးယား၊ စပိန်၊ တူရကီ၊ ဗြိတိန်နှင့် အမေရိကန်တို့ ပါဝင်ကြောင်း သိရသည်။

Source: Reuters