အွန်လိုင်းလောင်းကစားလုပ်ငန်းကနေ ရဲအရာရှိ အများအပြား လာဘ်ပေးလာဘ်ယူထားသည့် သက်သေအထောက်အထားများကို ပြည်သူ့ရှေ့နေများ အဖွဲ့အစည်းက တင်ပြ

အွန်လိုင်းလောင်းကစားလုပ်ငန်းကနေ ရဲအရာရှိ အများအပြား လာဘ်ပေးလာဘ်ယူထားသည့် သက်သေအထောက်အထားများကို ပြည်သူ့ရှေ့နေများ အဖွဲ့အစည်းက တင်ပြ
By Mr John

ထိုင်းနိုင်ငံတွင် ပြည်သူ့ရှေ့နေများ အဖွဲ့အစည်းက ရဲအရာရှိ အများအပြား ပါဝင်ပတ်သက်သည့် အွန်လိုင်းလောင်းကစားလုပ်ငန်းထံမှ ကြီးမားသော လာဘ်ပေးလာဘ်ယူမှု သက်သေအထောက်အထားများကို ၂၀၂၄ ခုနှစ် မတ်လ (၂၈) ရက်နေ့တွင် ရဲတပ်ဖွဲ့ထံ တင်ပြခဲ့ကြောင်း သိရသည်။

ပြည်သူ့ရှေ့နေများအဖွဲ့ People's Lawyers Foundation ၏ အတွင်းရေးမှူး ရှေ့နေ့ Sittra Biabungkerd က သက်သေအထောက်အထား စာရွက်စာတမ်းများကို ရဲတပ်ဖွဲ့ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို Central Investigation Bureau (CIB) ၏ ဒုရဲချုပ် ရဲဗိုလ်ချုပ်ကြီး Charoonkiat Pankaew ထံ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။

ယခု လွှဲပြောင်းပေးလိုက်သည့် သတင်းအချက်အလက်များတွင် အပြန်အလှန် စကားပြောဆိုထားမှု မှတ်တမ်း (chat records)၊ ငွေလွှဲဖြတ်ပိုင်းများနှင့် ဘဏ်စာရင်းရှင်းတမ်းများ ပါဝင်ကြောင်း ရှေ့နေက ပြောသည်။ 

ငွေလက်ခံသူများတွင် ရဲအရာရှိ အများအပြားနှင့် အဆင့်မြင့် ရဲအရာရှိကြီးများ ပါဝင်ကြောင်း ၎င်းက ဖြည့်စွက် ပြောသည်။

၎င်းအနေဖြင့် မည်သည့် ရဲအရာရှိကိုမှ အမှုဖွင့် တိုင်ကြားထားခြင်း မရှိသေးသော်လည်း CIB အနေဖြင့် စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ရန်အတွက် ရက် (၃၀) အချိန်ပေး စောင့်ဆိုင်းသွားမည်ဟု ရှေ့နေ Sittra က ဆိုသည်။ 

၎င်း၏ တွေ့ရှိချက်များက ရာထူးမှ ယာယီဆိုင်းငံ့ခံထားရသည့် ထိုင်းရဲတပ်ဖွဲ့ ဒုရဲချုပ် ရဲဗိုလ်ချုပ်ကြီး Surachate Hakparn ၏ အမှားကျူးလွန်နိုင်မှုကို ညွှန်ပြထားခြင်း မရှိကြောင်းလည်း Sittra က ပြောသည်။

ယခု သက်သေအထောက်အထားများကို ရဲတပ်ဖွဲ့တွင်း အကျင့်ပျက်ခြစားမှုအပေါ် သည်းမခံနိုင်တော့သည့် ရဲအရာရှိများထံမှ ရရှိခဲ့ခြင်းဖြစ်ကြောင်း ရှေ့နေက ဆိုသည်။ 

ထိုင်းရဲတပ်ဖွဲ့အတွင်း ရဲဗိုလ်ချုပ်ကြီး Surachate နှင့် ၎င်းကို သစ္စာခံသော ရဲအရာရှိများက ၂၀၂၃ ခုနှစ်တွင် ရဲချုပ်ဖြစ်လာသူ ရဲဗိုလ်ချုပ်ကြီး Torsak Sukvimol ကို သစ္စာခံသော အုပ်စုနှင့် ကာလရှည်ကြာ ရန်ငြိုးရှိခဲ့သည်ဟုလည်း ဆိုသည်။

ထိုင်းရဲချုပ် ရဲဗိုလ်ချုပ်ကြီး Torsak Sukvimol မှာ ၂၀၂၄ ခုနှစ် စက်တင်ဘာလကုန်တွင် အငြိမ်းစားယူရန် စီစဥ်ထားသည်။ 

ရဲတပ်ဖွဲ့အတွင်း အုပ်စုဖွဲ့ ပဋိပက္ခနှင့် အာဏာလွန်ဆွဲမှု ကောလဟလများ ထွက်ပေါ်လာပြီးနောက် ထိုင်းဝန်ကြီးချုပ် ဆရတ်သာ သာဗီစင်က ရဲချုပ်နှင့် ဒုရဲချုပ်တို့ကို ရာထူးများမှ ယာယီဆိုင်းငံ့လိုက်ပြီး ကော်မတီတစ်ရပ်ဖွဲ့၍ စုံစမ်းစစ်ဆေးသွားမည် ဖြစ်သည်။

ရဲတပ်ဖွဲ့နှင့် အချိတ်အဆက်ရှိသော ဂိုဏ်းတစ်ဂိုဏ်းက လစဥ် ဘတ် သန်း (၁၀၀) ခန့် လာဘ်ငွေ ကောက်ခံခဲ့ကြောင်းလည်း ပြည်သူ့ရှေ့နေများအဖွဲ့၏ အတွင်းရေးမှူး ရှေ့နေ Sittra က ၂၀၂၄ ခုနှစ် မတ်လ (၂၆) ရက်နေ့တွင် စွပ်စွဲခဲ့သည်။ 

ထိုစွပ်စွဲမှုနှင့် ပတ်သက်၍ ထိုင်းရဲချုပ် ရဲဗိုလ်ချုပ်ကြီး Torsak က ရှေ့နေ Sittra ကို ဥပဒေကြောင်းအရ တန်ပြန်ဆောင်ရွက်ရန် စီစဥ်နေကြောင်း သိရသည်။

 

Source: Bangkok Post