အာဏာသိမ်းစစ်တပ်က အင်းလေးဒေသအတွင်း အင်းတိန်ညောင်အုပ် ကျောင်းထိုင်ဆရာတော် နှင့် PDF များကို ဖမ်းဆီးထားကြောင်း သတင်းထုတ်ပြန်

အာဏာသိမ်းစစ်တပ်က အင်းလေးဒေသအတွင်း အင်းတိန်ညောင်အုပ် ကျောင်းထိုင်ဆရာတော် နှင့် PDF များကို ဖမ်းဆီးထားကြောင်း သတင်းထုတ်ပြန်
ဇန်နဝါရီ 8, 2023 | ရှမ်းတောင်

အမျိုးဘာသာ သာသနာကို စောင့်ရှောက်သည်ဟုဆိုသည့် အာဏာသိမ်းစစ်တပ်က ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသအတွင်း၌  အင်းတိန်ညောင်အုပ်ကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော်ကို အကြမ်းဖက်အဖွဲ့များအား ကူညီပေးသူဟု စွပ်စွဲကာ ဖမ်းဆီးထားသလို  PDF (၄)ဦး စုစုပေါင်း (၈)ဦးကို ဖမ်းဆီးမိကြောင်း ၂၀၂၃ခုနှစ် ဇန်နဝါရီလ(၇)ရက်နေ့က သတင်းထုတ်လာသည်ကို တွေ့ရသည်။ 

ညောင်ရွှေမြို့နယ် အင်းလေးဒေသအတွင်း၌ ၂၀၂၂ခုနှစ် ဒီဇင်ဘာလ(၂၇)ရက်နေ့ကနေ ၂၀၂၃ခုနှစ် ဇန်ဝါရီလ(၄)ရက်နေ့အထိ အင်းတိန်ညောင်အုပ်ကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော် ဥူးဇဝန အပါအဝင် PDF (၄)ဦး ဖမ်းခံရပြီး PDF များနှင့်ပတ်သက်သည်ဟု စွပ်စွဲကာ အမျိုးသား(၁)ဦး နှင့် အမျိုးသမီး(၂)ဦးကိုလည်း ဖမ်းဆီးခံရကြောင်း သိရသည်။

ယင်းအပြင် ဇန်နဝါရီလ(၃)ရက်နေ့က ညောင်ရွှေမြို့နယ်အတွင်း တောင်ခြားပြင်ကျေးရွာအနီးတစ်ဝိုက်တွင် PDF တပ်ဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စိတပ်တို့ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားရာ PDF ဘက်က (၆)ဦး ကျဆုံးခဲ့ရသလို ၊ AK-47 သေနတ် (၁)လက်၊ M-4 သေနတ် (၁)လက်၊ MF-12 သေနတ် (၁)လက်၊ ကာဘိုင် (၁)လက်၊ လောင်ချာ  (၁)လက်၊ လက်လုပ် သေနတ် (၇)လက်၊ ၄၀ မမ ဗုံးသီး (၁၀)လုံး၊ လက်ပစ်ဗုံး (၂၃)လုံး၊ နင်းမိုင်း (၉)လုံး၊ ကျည်မျိုးစုံ (၂၄၁၄)တောင့်၊ ကျည်အိမ်မျိုးစုံ (၂၅)ခု၊ Drone (၁)စင်း၊ စကားပြောစက် (၄)လုံး၊ မြေပုံ (၇)ရွက်၊ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (IPDF) အမှတ်တံဆိပ်ပါသည့် ပြောက်ကျားယူနီဖောင်း (၈)စုံနှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများ သိမ်းဆည်းခံလိုက်ရကြောင်း သိရသည်။

ဇန်ဝါရီလ(၇)ရက်နေ့၏ နေ့လယ်ပိုင်းကလည်း ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်း ဟဲဟိုးမြို့နယ်အတွင်း အင်းခေါင်းဆယ်အနီးတွင်လည်း အပြန်လည်ပစ်ခတ်မှုဖြစ်ပွားခဲ့သလို ဇန်နဝါရီလ(၆)ရက်နေ့ကလည်း ဟဲဟိုးမြို့တွင် လူငယ်အချို့ ဖမ်းဆီးခံရမှုများရှိနေကြောင်း သိရသည်။