ဘောလခဲမြို့နယ်အတွင်း တနေကုန်နီးပါး တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များက ရွာအတွင်းဝင်ရောက်ကာ နေအိမ်(၄)လုံး နှင့်အတူ ဒေသခံ(၂)ဦးကို အရှင်လတ်လတ် မီးရှို့သတ်သွား

ဘောလခဲမြို့နယ်အတွင်း တနေကုန်နီးပါး တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များက ရွာအတွင်းဝင်ရောက်ကာ နေအိမ်(၄)လုံး နှင့်အတူ ဒေသခံ(၂)ဦးကို အရှင်လတ်လတ် မီးရှို့သတ်သွား
မတ် 5, 2022 | ကယား

ကရင်နီ(ကယား)ပြည်နယ်၊ ဘောလခဲမြို့နယ်အတွင်း ယမန်နေ့က တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ပွားပြီးနောက် နန်းဖဲကျေးရွာအတွင်း စစ်ကောင်စီတပ်များ ဝင်ရောက် အကြမ်းဖက်ကာ နေအိမ်(၄)လုံးနှင့်အတူ ဒေသခံ အမျိုးသား(၂)ဦးကိုလည်း အရှင်လတ်လတ် မီးရှို့သတ်ဖြတ်သွားကြောင်း KNDF ထံက သိရသည်။

စကစ တပ်တွေက နန်းဖဲရွာထဲ ဝင်လာပြီးတော့မှ ရွာထဲမှာရှိတဲ့ အိမ်(၄)လုံးကို မီးရှို့သွားတယ်။ အဲ့အိမ်(၄)လုံးထဲမှာ အရပ်သား ရွာသား(၂)ယောက်ကို တခါတည်း မီးရှို့သတ်သွားတယ်။

ဟု KNDF မှ တာဝန်ရှိသူတစ်ဦးက  Tachileik News Agency သို့ မတ်လ(၅)ရက်နေ့ နံနက်ပိုင်းက ပြောသည်။

ဘောလခဲမြို့တွင် ၂၀၂၂ခုနှစ် မတ်လ(၄)ရက်နေ့က ကရင်နီတပ်မတော်(KA) နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တို့ ပူးပေါင်းအဖွဲ့ နှင့် စစ်ကောင်စီတပ်တို့အကြား တစ်နေကုန် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က (၅)ဦး အထက် သေဆုံးမှုရှိပြီး ပူးပေါင်းအဖွဲ့ဘက်က (၁)ဦး ကျဆုံးသွားပြီး (၁)ဦးမှာ မစိုးရိမ်ရသည့် ဒဏ်ရာရရှိကြောင်း သိရသည်။



အာဏာသိမ်း စစ်ကောင်စီတပ်သည် လက်နက်အင်အား၊ လူအင်အားများစွာဖြင့်လည်း ယနေ့ မတ်လ(၅)ရက်နေ့ နံနက်ပိုင်းကစပြီး စစ်ကြောင်း(၄)ကြောင်းဖြင့် ထိုးစစ်ဆင်နေသလို ပစ်ခတ်မှုများလည်း ပြုလုပ်နေသည်ဟု သိရသည်။