ရှမ်းပြည်နယ်အစိုးရက ပြည်နယ်တွင်း ဒီဇင်ဘာလူထုလှုပ်ရှားမှု အားအကောင်းဆုံး (၆)မြို့နယ်ကို ရွေးချယ်ဆုချီးမြှင့်

ရှမ်းပြည်နယ်အစိုးရက ပြည်နယ်တွင်း ဒီဇင်ဘာလူထုလှုပ်ရှားမှု အားအကောင်းဆုံး (၆)မြို့နယ်ကို ရွေးချယ်ဆုချီးမြှင့်
ဇန်နဝါရီ 13, 2020
By Tachileik News Agency

ရှမ်းပြည်နယ်အစိုးရက ပြည်နယ်တွင်း ဒီဇင်ဘာလူထုလှုပ်ရှားမှု အားအကောင်းဆုံး (၆)မြို့နယ်ကို ရွေးချယ်ဆုချီးမြှင့်

ရှမ်းပြည်နယ်တွင်း ဒီဇင်ဘာလူထုလှုပ်ရှားမှုအားကစားလုပ်ငန်းများ အကောင်းဆုံးဆောင်ရွက်နိုင်သည့် မြို့နယ် (၆)ခုကို ပြည်နယ်အစိုးရက ပထမဆုံးအကြိမ်အဖြစ် ရွေးချယ် ဂုဏ်ပြုဆုချီးမြှင့်ရာ  တာချီလိတ်မြို့ အပါအဝင် လားရှိုး၊ တောင်ကြီး၊ လဲချား၊  မိုင်းဖြတ်နှင့် မိုင်းဆတ်မြို့နယ်များ ရွေးချယ်ခံရကြောင်း သိရသည်။

“ဒီနှစ်ကတော့ ပထမဆုံးပေးတာပါ။ လှုပ်ရှားမှု အကောင်းဆုံးနဲ့ ပြန်လည်တင်ပြမှုအကောင်းဆုံး မြို့နယ်တွေကို ရွေးပြီး ဆုပေးလိုက်တာပါ။ ဒီဇင်ဘာ ကျွန်တော်တို့က စနေလမ်းလျှောက်ပွဲ လုပ်တယ်။ အဲဒီမှာ တစ်ချို့ မြို့နယ်တွေမှာ တနင်္ဂနွေမှာလည်း မြို့ခွဲတွေ၊ ရွာတွေမှာ သွားလုပ်ပေးတာရှိတယ်။ အဲဒါတွေပါ ပေါင်းလိုက်ပြီး လှုပ်ရှားမှု အားအကောင်းဆုံးမြို့နယ်တွေရွေးပြီး ဂုဏ်ပြုပေးတာပါ”ဟု ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာ ကော်မတီ ဥက္ကဌဖြစ်သူ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ် သတင်းအေဂျင်စီသို့ ဇန်နဝါရီလ(၁၃)ရက်နေ့တွင် ပြောသည်။

ရွေးချယ်ခံရသည့် မြို့နယ်များအတွက် ဂုဏ်ပြုဆုများကို ရှမ်းပြည်နယ်(တောင်ပိုင်း)  တောင်ကြီးမြို့ ပြည်နယ်အားကစားနှင့် ကာယာပညာဦးစီးဌာန၌ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁၃)ရက်နေ့တွင် ကျင်းပသည့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် အတွက် ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရ ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် စီမံကိန်းလျာထားချက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ချီးမြှင့်လိုက်ကြောင်း သိရသည်။

“ရှမ်းပြည်နယ်တွင်းမှာ မြို့ပေါင်း (၅၂)မြို့နယ်ထဲက (၆)မြို့နယ်ကို ရွေးပြီးတော့ ပေးတာပါ။ ပထမက လားရှိုး၊ ဒုတိယက တောင်ကြီး၊ တတိယက လဲချား၊ ကျန်တဲ့ (၃)မြို့ဖြစ်တဲ့ တာချီလိတ်၊ မိုင်းဆတ်၊ မိုင်းဖြတ်ကတော့ နှစ်သိမ့်ဆုတွေ ရကြတယ်။ ပြည်နယ်အနေနဲ့ ဒီနှစ်မှစပြီး ပေးတာ။ အရင်နှစ်တွေတုန်းကတော့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဆုရွေးချယ်ပေးတာပေါ့”ဟု အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာချီလိတ်မြို့နယ် အားကစားမှူး ဦးသန်းလှိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်အတွင်း ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုအဖြစ် ယခင်နှစ်များက ဒီဇင်ဘာလ၏ စနေနေ့တိုင်း လမ်းလျှောက်အားကစား လုပ်ဆောင်ခြင်းဖြစ်သော်လည်း ၂၀၁၉ ခုနှစ်တွင် စနေနေ့တိုင်း လမ်းလျှောက်ပြီးချိန်၌ ကိုယ်လက်လှုပ်ရှား အားကစားများ ဆက်လက်လုပ်ဆောင်ခြင်းအပြင် မြို့နယ်များအားလုံးတွင် ကျင်းပနိုင်ရေးအတွက် အချို့မြို့များ၌ တနင်္ဂနွေနေ့တွင် လုပ်ဆောင်ပေးသွားရန် ပြည်နယ်အစိုးရက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

“အဓိက ကတော့ အခု ဆေးရုံတွေမှာ မကူးစက်တတ်တဲ့ရောဂါတွေနဲ့ သေဆုံးနှုန်းတွေ၊ ဆေးရုံတက်ရတဲ့နှုန်းတွေ တအားမြင့်နေတယ်။ တအားမြင့်နေတော့ Exercise is Medicine ဆိုတဲ့ခေါင်းစဉ်ကလည်း အရေးကြီးလာတာပေါ့။ အရေးကြီးလာတော့ ဒီဇင်ဘာလူထုလမ်းလျှောက်ပွဲဆိုတာ လုပ်ရိုးလုပ်စဉ်တွေအနေနဲ့သာ လုပ်နေတာတင်မဟုတ်ဘဲ တခြားအချိန်တွေမှာလည်း လုပ်သင့်တယ်ဆိုတာကို ကျွန်တော်တို့က အသိပညာပေးတာပေါ့”ဟု ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာ ကော်မတီ ဥက္ကဌဖြစ်သူ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောသည်။

 လူထုအားကစားလှုပ်ရှားမှု အကောင်းဆုံးဆောင်ရွက်နိုင်ခဲ့သည့် လားရှိုးမြို့နယ်အတွက် ပထမဆု ကျပ် (၄)သိန်း၊ ဒုတိယဆုရရှိသည့် တောင်ကြီးမြို့နယ်အတွက် ကျပ် (၃)သိန်း၊ တတိယဆုရရှိသည့် လဲချားမြို့နယ်အတွက် ကျပ်(၂)သိန်း၊ နှစ်သိမ့်ဆုများဖြစ်သည့် တာချီလိတ်၊ မိုင်းဖြတ်နှင့် မိုင်းဆတ်မြို့နယ်များအတွက် ကျပ် (၁)သိန်းစီ အသီးသီးပေးအပ်ချီးမြှင့်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - တင်တင်ဝင်း၊ အောင်ကျော်စိုးထွေး
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~