ရှမ်းပြည်နယ် ပင်လောင်းမြို့တွင် မူးယစ်ဆေးသယ်လာသည့် အာဏာသိမ်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦးနှင့် ဗိုလ်ကြီးတစ်ဦးတို့ကို မူးယစ်ရဲက ဖမ်းဆီး

ရှမ်းပြည်နယ် ပင်လောင်းမြို့တွင် မူးယစ်ဆေးသယ်လာသည့် အာဏာသိမ်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦးနှင့် ဗိုလ်ကြီးတစ်ဦးတို့ကို မူးယစ်ရဲက ဖမ်းဆီး
ဖေဖော်ဝါရီ 26, 2022 | မှုခင်းသတင်း| ရှမ်းတောင်

ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့နယ်အတွင်း ပင်လောင်း - နေပြည်တော်လမ်းတွင် မူးယစ်ဆေးသယ်လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်မှ ဗိုလ်မှူး စံမင်းထွန်းနှင့် ဗိုလ်ကြီး ကျော်ပြည့်ဖြိုးတို့အား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၂၆)ပင်လောင်းမှ ဒုရဲမှူး အောင်ဇော်ဟိန်း ဦးစီးသည့် ပူးပေါင်းတပ်ဖွဲ့က ၂၀၂၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၅) ရက်နေ့ ညပိုင်းတွင် ဖမ်းဆီးလိုက်ကြောင်း သိရသည်။



 

ပင်လောင်းမြို့နယ်၊ ထိန်ပင်ကျေးရွာအုပ်စု၊ ပင်လောင်း-နေပြည်တော်သွားကားလမ်း လိန်းလီကြိုးတံတားထိပ်တွင် ပင်လောင်းမှ ပေါင်းလောင်းသို့ စံမင်းထွန်းမောင်းနှင်ပြီး ကျော်ပြည့်ဖြိုးလိုက်ပါလာသည့် YGN 1K/8755 HONDA FIT အနက်ရောင်ယာဉ်ကို ပူးပေါင်းအဖွဲ့ကရှာဖွေရာ  စက္ကူဂျပ်ဖာအတွင်း ပလပ်စတစ်အိတ်များဖြင့်ထည့်လာသည့် WY နှင့် R စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွဆေးပြားများ (၉)သိန်းကျော်ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးသယ်သည့် ဗိုလ်မှူး စံမင်းထွန်းသည် နေပြည်တော် တပ်ကုန်းတပ်နယ်မှ အာဏာသိမ်းစစ်ကောင်စီ၏ အမှတ်(၂၀၃၂) လေကြောင်းရန်ကာကွယ်ရေးတပ်မှ လက်နက်စနစ်တာဝန်ခံဖြစ်ပြီး ဗိုလ်ကြီး ကျော်ပြည့်ဖြိုးသည် အဆိုပါတပ်မှ TWS-ရေဒါတာဝန်ခံဖြစ်ကြောင်းသိရပြီး ၎င်းတို့နှစ်ဦးသည် မအိဆိုသူနှင့် ချိတ်ဆက်ပြီး နမ့်စန်မှ နေပြည်တော်သို့ ကျပ်သိန်း (၅၀)ဖြင့် မူးယစ်ဆေးပို့ပေးရန် ထွက်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးများအား မအိက အမျိုးသား(၂)ဦးမှတစ်ဆင့် ပို့ဆောင်ပေးသည်ကို နမ့်စန်မြို့ပြင် စစ်ဆေးရေးဂိတ်အကျော်တွင် လက်ခံရယူခဲ့ပြီး နေပြည်တော်သို့မောင်းနှင်ထွက်လာစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရပြီး ၎င်းတို့နှစ်ဦးလုံးမှာ အထက်အဆင့်ဆင့်သို့တင်ပြကာ ခရီးသွားလာခြင်းဖြစ်သည်ကို စစ်ဆေးတွေ့ရသည်ဟု သိရသည်။

မူးယစ်ဆေးသယ်လာသူနှစ်ဦးအား ဖိုကုန်းနယ်မြေရဲစခန်းတွင် မယ(ပ)၂/၂၀၂၂၊ မူး/စိတ်ပုဒ်မ ၁၉ (က)/၂၁ ဖြင့်အမှုရေးဖွင့်ထားပြီး စစ်တပ်မှဖြစ်၍ တပ်တွင်းတရားစီရင်ရန် အာဏာသိမ်းတပ်ကို လွှဲပြောင်းပေးထားကြောင်း သိရသည်။