အာဏာသိမ်း စစ်ကောင်စီတပ်၏ ကုန်းကြောင်း၊ လေကြောင်း အကြမ်းဖက် ထိုးစစ်များကြောင့် ဖယ်ခုံမှ ပြည်သူများ ထောင်နှင့်ချီ ထွက်ပြေး တိမ်းရှောင်နေရ

Photo: Kayan Rescue Committee -KRC
Photo: Kayan Rescue Committee -KRC
အာဏာသိမ်း စစ်ကောင်စီတပ်၏ ကုန်းကြောင်း၊ လေကြောင်း အကြမ်းဖက် ထိုးစစ်များကြောင့် ဖယ်ခုံမှ ပြည်သူများ ထောင်နှင့်ချီ ထွက်ပြေး တိမ်းရှောင်နေရ
ဖေဖော်ဝါရီ 19, 2022 | ကယား

ရှမ်း - ကရင်နီ(ကယား)နယ်စပ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့ရှိ ဝါရီဆူးပလိုင်ကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်များက မီးရှို့ဖျက်ဆီးလိုက်သည့်အတွက် ရွာသူ ရွာသားများမှာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း  KRC က ဖေဖော်ဝါရီလ(၁၉)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုများအပြင် လေကြောင်းဖြင့်ပါ ဗုံးကြဲတိုက်ခိုက်မှုများကြောင့်  မိုးဗြဲဒေသတွင်းမှ ကျေးရွာသူ ကျေးရွာသား ထောင်နဲ့ချီ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရကြောင်း သိရသည်။

မိုးဗြဲတိုက်ပွဲဖြစ်တိုင်း စစ်ဘေးရှောင်လူထုများ သွားရောက်ခိုလုံသည့် ဝါရီဆူးပလိုင် ကျေးရွာကိုလည်း နေအိမ်များစွာ မီးလောင်သွားပါပြီ။ စစ်ဘေးရှောင်များ ခိုလုံရန်နေရာ တဖြေဖြေးကျဉ်းမြောင်းလာပါပြီ။ မိုးဗြဲ စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာ အထူးလိုအပ်နေပါတယ်။ ထိခိုက်လူနာများအတွက် ဆေးဝါးများ စွာလိုအပ်နေပါတယ်။ ကယ်ဆယ်ရေးအတွက် အသုံးစာရိတ်တွေတောက်လျှောက်လိုအပ်နေပါတယ်။ တတ်နိုင်သည့်ဘက်မှ ဝန်းရံပေးကြဖို့ အထူးဖိတ်ခေါ်လိုပါတယ်။

ဟု Kayan Rescue Committee -KRC ဆိုသည်။

ရှမ်း - ကရင်နီ(ကယား)နယ်စပ် မိုးဗြဲကို အာဏာသိမ်း စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့်  ထိုးစစ်ဆင်နေသည့်အတွက်  ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့  အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆိုမြို့နယ်၊ PDF Loikaw ၊ PDF Pekhon၊ Karenni Army Center- Kn.A.C ၊ Karenni Nationalities Defense Force-KNDF၊ Karenni Generation Z ၊ Fight For Justice-JPDF ၊ GZ-21 - PDF ၊ Inle People Defense Force-IPDFနှင့် အခြား မဟာမိတ်တပ်ပေါင်းစုများ ပူးပေါင်းပြီး ခုခံတိုက်ခိုက်နေကြခြင်းရခြင်းဖြစ်သည်။

နိုင်ငံဘဏ္ဍာငွေကို သုံးစွဲပြီး အကြမ်းဖက်နေသည့် အာဏာသိမ်းစစ်ကောင်စီသည် ရှမ်း - ကရင်နီ(ကယား)နယ်စပ် နှင့် ကရင်နီပြည်နယ်အတွင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ၊ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကို ပြုလုပ်လေ့ရှိပြီး စစ်သည်အင်အားများလည်း ထပ်မံဖြည့်တင်းနေကြောင်းလည်း သိရသည်။