PDF နှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်မှုကြောင့် လွိုင်ကော်မြို့ရှိ ပန်ကန်းစုပေါင်းဂိတ်မှ အာဏာသိမ်း ဘက်တော်သားအားလုံး စွန့်ခွာသွား

PDF နှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်မှုကြောင့် လွိုင်ကော်မြို့ရှိ ပန်ကန်းစုပေါင်းဂိတ်မှ အာဏာသိမ်း ဘက်တော်သားအားလုံး စွန့်ခွာသွား
မေ 24, 2021 | ကယား

 ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် မေလ (၂၃)ရက်နေ့ ညပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်အဖွဲ့တို့ ပူးပေါင်းပြီး ပန်ကန်းကျေးရွာအတွင်း စစ်ကောင်စီ တပ်ဖွဲ့များနှင့် ပစ်ခက်မှုဖြစ်ပွားခဲ့ပြီး ပန်ကန်းဂိတ်စခန်းအား စစ်ကောင်တပ်များမှ စွန့်ခွာသွားကြောင်းသိရသည်။ 

မနေ့ညက ပန်ကန်းမှာပေါ့ PDF နဲ့ ​တိုင်းရင်းသားလက်နက်ကိုင် အချို့တို့ ပါမယ် စစ်ကောင်စီ နဲ့ တိုက်ပွဲ ဖြစ်ခဲ့တယ်။  ပန်ကန်းဂိတ်ကို သူတို့စွန့်ခွာပြီး ဆုပ်ပြေးသွားတယ်။ ဒီနေ့မနက်ထိ တစ်ဦးတစ်ယောက်မှ မကျန်ဘူး ပန်ကန်းဂိတ်မှာ။ အဓိက က PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင် က ခုခံကာကွယ်တဲ့အနေနဲ့ ပစ်ခတ်ခဲ့ကြတာဖြစ်ပြီးတော့ သူတို့တော့ စခန်းစွန့်ပြီး ဆုပ်ခွာသွားတယ်

ဟု ပြည်သူ့ကာကွယ်ရေးတပ် တပ်ဖွဲ့ဝင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ မေလ(၂၄)ရက်နေ့ နံနက်ပိုင်းတွင် အတည်ပြုပြောကြားသည်။

မေလ (၂၃)ရက်နေ့ ညနေပိုင်းကစ၍ လွိုင်ကော်မြို့ အဝင် ပန်ကန်းကျေးရွာအတွင်း စစ်ကောင်စီ မှ အမြှောက်တင့်ကားများဖြင့်ပါ လှည့်လည်၍ အကြောင်းမဲ့ ပစ်ခတ်နေသောကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)နှင့် တိုင်ရင်းသားလက်နက်ကိုင် အချို့တို့မှ  စစ်ကောင်စီ၏ တပ်များအား ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ​အင်အားအများအပြားဖြင့် ချထားလေ့ရှိသော ပန်ကန်းစုပေါင်းဂိတ်စခန်းအား စစ်ကောင်စီ အဖွဲ့မှ စွန့်၍ လွိုင်ကော်မြို့အတွင်းသို့ ဆုပ်ခွာသွားခဲ့ကြောင်းသိရသည်။ 

မေလ (၂၃)ရက်နေ့ ညပိုင်းက စစ်ကောင်စီ၏ အကြမ်းဖက်လက်နက်ကိုင်များမှ တစ်ညလုံးနီးပါး ရပ်ကွက်များအတွင်း လှည့်လည်ကာ လက်နက်ကြီး လက်နက်ငယ်များဖြင့် အကြောင်းမဲ့ လိုက်လံ ပစ်ခတ်နေခဲ့ပြီး မြကလပ်တောင် ဘုရားပေါ်မှလည်း လက်နက်ကြီးများတင်၍ ပစ်ခတ်ခဲ့ကြောင်း သိရသည်။ 

ပြည်သူ့ကာကွယ်ရေးတပ် နှင့် တိုင်းရင်းသား လက်နက်ကိုင်အချို့ တို့မှ စစ်ကောင်စီ အား ပစ်ခတ်တိုက်ခိုက်ခဲ့၍ လက်ရှိ မေလ (၂၄)ရက်နေ့ နံနက်ပိုင်းအထိ ပန်ကန်းစုပေါင်းဂိတ်စခန်းအား  စစ်ကောင်စီ တပ်မှ လာရောက်ခြင်းမရှိဘဲ စခန်းကိုစွန့်ခွာထားပြီး ပစ်ခတ်မှုတော့ မရှိသေးကြောင်း သိရသည်။