တာမွေမြို့နယ်ရှိ Mytel Showroom ကို ဗမာ့လူငယ်ကွန်ရက်(UG)က ဖောက်ခွဲ တိုက်ခိုက်

Mytel ဖွင့်ပွဲပုံ Photo: VNS
Mytel ဖွင့်ပွဲပုံ Photo: VNS
တာမွေမြို့နယ်ရှိ Mytel Showroom ကို ဗမာ့လူငယ်ကွန်ရက်(UG)က ဖောက်ခွဲ တိုက်ခိုက်
ဖေဖော်ဝါရီ 8, 2022 | အခြားဒေသများ

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်တွင် အာဏာသိမ်းစစ်တပ်၏ အကျိုးစီးပွားဖြစ်သည့် Mytel Showroom အား ယနေ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက်နေ့ နံနက် (၅) နာရီဝန်းကျင်က  ဗမာ့လူငယ်ကွန်ရက် (UG) အဖွဲ့က ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

ယင်းဖောက်ခွဲမှုကြောင့်  Mytel Showroom ၏ မီးစက်တစ်လုံး ပျက်စီးသွားခဲ့ပြီး လူထိခိုက်မှုမရှိခဲ့ဟု သိရသည်။

စစ်ကောင်စီ၏ စီးပွားရေးထောက်တိုင်များအပြင် စစ်ကောင်စီ အနွယ်၀င်များအားလုံးကို အပြီးသတ်ဖြေရှင်းနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်သည်ဟု ဗမာ့လူငယ်ကွန်ယက်က ထုတ်ပြန်ထားပြီး  ဗမာ့လူငယ်ကွန်ယက်သည် မြေပြင်သပိတ်များ၊ UG လှုပ်ရှားမှုများကို ဆောင်ရွက်နေသည့် အဖွဲအစည်းတစ်ရပ်ဖြစ်သလို Area-21 Network အတွင်းရှိ အဖွဲ့တစ်ဖွဲ့ဖြစ်ကြောင်း သိရသည်။ 

ပြီးခဲ့သည့် ဇန်နဝါရီလ(၄)ရက်ကလည်း အကြမ်းဖက်စစ်ကောင်စီကို လေယာဉ်ဆီထောက်ပံ့နေသည့် မြန်မာနိုင်ငံ စက်သုံးဆီအသင်း ဥက္ကဌ ဒေါက်တာဝင်းမြင့်ပိုင် တာမွေမြို့နယ်ရှိ မြတ်မေတ္တာမွန်ဆီဆိုင်ကို STA အဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့သေးသည်။

စစ်တပ်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် ပြည်သူ့ဆန္ဒကိုဆန့်ကျင်ပြီး နိုင်ငံ့အာဏာသိမ်းလိုက်သည့်အတွက် ပေါ်ပေါက်လာသည့် ပြည်သူ့တော်လှန်ရေးအင်အားစုများက အာဏာသိမ်းစစ်အုပ်စု၏ အကျိုးစီးပွားတစ်ခုဖြစ်သည့် Mytel  ဆက်သွယ်ရေးလုပ်ငန်းကို ပစ်မှတ်ထားတိုက်ခိုက်မှုများ လုပ်ဆောင်လာပြီး မြို့ပြများတွင် Mytel ရုံးများအား ဖေါက်ခွဲခြင်း၊ နယ်ဒေသများတွင် တာဝါတိုင်များအား ဖြိုလှဲ၍ လက်နက်ထုတ်လုပ်ခြင်းများကို လုပ်ဆောင်လာကြခြင်းဖြစ်သည်။

ယင်းအပြင် Mytel သည် အများပြည်သူက အသုံးမပြုဘဲ သပိတ်မှောက်မှုနှင့်လည်း ရင်ဆိုင်နေရခြင်းဖြစ်သည်။