လက်နက်စွန့်ခွာ ထွက်ပြေးသွားသည့် အာဏာသိမ်းစစ်တပ်၏ လက်နက်ခဲယမ်းများ အများအပြားကို MNDAA သိမ်းဆည်းရမိ

လက်နက်စွန့်ခွာ ထွက်ပြေးသွားသည့် အာဏာသိမ်းစစ်တပ်၏ လက်နက်ခဲယမ်းများ အများအပြားကို MNDAA သိမ်းဆည်းရမိ

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကိုးကန့်ဒေသကို အာဏာသိမ်းစစ်တပ်က  ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၃) ရက်နေ့တွင် အပြင်းအထန်တိုက်ခိုက်သည့် တိုက်ပွဲကို MNDAA က ခုခံနိုင်ခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီတပ်ဘက်မှ အများအပြားသေဆုံးသလို လက်နက်စွန့်ခွာထွက်ပြေးသွားသည့်အတွက် ကျန်ရစ်သည့် လက်နက်ခဲယမ်းအများအပြားကို MNDAA က သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်သည်။

ယနေ့ ဇန်နဝါရီလ (၃) ရက်နေ့ နံနက် (၉)နာရီခွဲကျော်မှစ၍ အာဏာသိမ်းစစ်တပ်နှင့် MNDAA တို့ကြား တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် အာဏာသိမ်းစစ်တပ်ဘက်မှ လက်နက်ကြီးကျည်များ၊ မိုင်းများ၊ လက်ပစ်ဗုံးများ၊ သေနတ်နှင့် ကျည် လက်နက်ခဲယမ်းမျိုးစုံအပြင် ဖုန်း (၆)လုံး၊ power bank၊ စကားပြောစက် (၅) လုံး၊ ဆိုလာပြားများနှင့် ဘက်ထရီများ၊ ယူနီဖေါင်း (၄)စုံ၊ ခြင်းကြား အလုံး(၂၀)၊ ကျောပိုးအိတ် (၃)လုံးစသည့် အသုံးအဆောင်ပစ္စည်းများကိုပါ သိမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်သည် အင်အားအလုံးအရင်းဖြင့် ဩဂုတ်လအတွင်းမှစ၍ တောက်လျှောက် ထိုးစစ်ဆင်တိုက်ခိုက်ရာတွင် လက်နက်ကြီးပစ်ကူအပြင် လေကြောင်းမှပါ တိုက်ခိုက်နေခြင်းဖြစ်သည်။

#TachileikNewsAgency

Photo: The KoKang