နတ်ချောင်းရွာကို အာဏာသိမ်းစစ်တပ်က ညနေပိုင်းတွင် မီးရှို့ပြီး ညပိုင်းတွင် လက်နက်ကြီးဖြင့် ပစ်ခတ်နေ

နတ်ချောင်းရွာကို အာဏာသိမ်းစစ်တပ်က ဒီဇင်ဘာလ ၂၃ ရက်နေ့က မီးရှို့နေစဉ်
နတ်ချောင်းရွာကို အာဏာသိမ်းစစ်တပ်က ဒီဇင်ဘာလ ၂၃ ရက်နေ့က မီးရှို့နေစဉ်
နတ်ချောင်းရွာကို အာဏာသိမ်းစစ်တပ်က ညနေပိုင်းတွင် မီးရှို့ပြီး ညပိုင်းတွင် လက်နက်ကြီးဖြင့် ပစ်ခတ်နေ
By Tachileik News Agency

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ နတ်ချောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က ယနေ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၂၆) ရက်နေ့ညနေပိုင်းက လူနေအိမ်များ မီးရှို့ပြီး ညပိုင်းတွင် လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။

နတ်ချောင်းရွာရဲ့ မြောက်ဘက်ကနေ အဝေးက လှမ်းထုနေတာပါ။ လက်နက်ကြီးလာတဲ့အလင်းလမ်းကြောင်းကို ခန့်မှန်းရဝါကတော့ ထိုမာရွာ၊ ကလေးနည်းပညာတက္ကသိုလ်ဘက်ကနေ ပစ်နေတယ်လို့ ခန့်မှန်းရပါတယ်။ လက်နက်ကြီး ၅ ချက်၊ ၆ ချက် ကြားရတယ်။ ၉ မိနစ်ကို တစ်ကြိမ် ပစ်နေတယ်။ သေနတ်တွေလည်း ဖောက်တယ်၊။ ရွာထဲမှာ ဒေသခံတစ်ချို့လည်း ရှိနေပါသေးတယ်

ဟု စစ်ဘေးရှောင်နေသည့် ဒေသခံတစ်ဦးက Tachileik News Agency သို့ပြောသည်။

နတ်ချောင်းရွာအတွင်း တပ်စွဲထားဆဲဖြစ်သည့် အာဏာသိမ်းစစ်တပ်က ယနေ့ ညနေ (၄) နာရီ မိနစ် (၄၀) အချိန်က ရွာတွင်းမှ နေအိမ်အချို့ကို မီးရှို့ခဲ့ကြောင်းလည်း သိရသည်။



အာဏာသိမ်းစစ်တပ်က ဒီဇင်ဘာလ (၂၃) ရက်နေ့ နေ့လယ်တွင်  ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်ပြီး ညပိုင်းတွင်လည်း လက်နက်ကြီးများဖြင့်ပစ်ခတ်၍ ဒေသခံများမှာ နေအိမ်များတွင် ပုန်းအောင်းနေကြရပြီး ပစ်ခတ်မှုများရပ်နားချိန် နောက်တစ်နေ့ နံနက်ပိုင်း၌ ရွာမှစစ်ရှောင်သွားကြသူများလည်းရှိပြီး အချို့မှာ ကျေးရွာတွင်း ကျန်နေခဲ့ကြောင်း သိရသည်။



ယင်းနေ့က အာဏာသိမ်းစစ်တပ်၏ ပစ်ခတ်မှုကြောင့် အရပ်သား သေဆုံးမှုများရှိသော်လည်း ရွာတွင်း အာဏာသိမ်းတပ် တပ်စွဲထားဆဲဖြစ်၍ ဒီဇင်ဘာလ (၂၆) ရက်နေ့အထိ ရုပ်အလောင်းအချို့ကိုသာ ကောက်ယူထားနိုင်သေးကြောင်း သိရသည်။ 



စစ်ဘေးရှောင်နေရသည့်ဒေသခံများမှာ ရာသီဥတုအေးနေသဖြင့် အကူအညီများစွာလိုအပ်နေကြကြောင်း သိရသည်။