တာမွေမြို့တွင် အာဏာသိမ်းစစ်တပ်၏ သောင်းကျန်းနေမှုအား မှတ်တမ်းရိုက်နေသည့် လူငယ်တစ်ဦးကို အတင်းအကြပ် ဝင်ဖမ်းရာ တိုက်ပေါ်မှ ပြုတ်ကျ

Photo: CJ
Photo: CJ
တာမွေမြို့တွင် အာဏာသိမ်းစစ်တပ်၏ သောင်းကျန်းနေမှုအား မှတ်တမ်းရိုက်နေသည့် လူငယ်တစ်ဦးကို အတင်းအကြပ် ဝင်ဖမ်းရာ တိုက်ပေါ်မှ ပြုတ်ကျ
ဒီဇင်ဘာ 7, 2021 | အခြားဒေသများ

 ရန်ကုန်၊ တာမွေမြို့နယ် အင်းဝလမ်းနှင့် အောင်မင်္ဂလာလမ်းထောင့်တွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၇) ရက်နေ့ ညပိုင်းက သံပုံးတီးသံကြား၍ ရောက်လာသည့် အာဏာသိမ်းတပ်က ၎င်းတို့သောင်းကျန်းနေသည်ကို မှတ်တမ်းရိုက်နေသည့် တိုက် (၅)လွှာမှ လူငယ်တစ်ဦးကို  အတင်းအကြပ်တက်ဖမ်းရာ ပြုတ်ကျသွားကြောင်း သိရသည်။

လမ်းအတွင်း အာဏာသိမ်းတပ်က လာရောက်ရမ်းကားနေသည်ကို တိုက်အပေါ်ထပ်မှ video ရိုက်နေသည့်လူငယ်အား မြင်သွားပြီး တံခါးများကန်ဖွင့်ကာ တက်ဖမ်းစဉ် လူငယ်မှာ (၅)လွှာမှ ပြုတ်ကျသွားသည်ဟု သိရသော်လည်း အကြောင်းရင်းကို မသိရသေးပါ။

အဆိုပါ လူငယ်ပြုတ်ကျသွားပြီးအောက် အာဏာသိမ်းတပ်သားများက ရပ်ကွက်တွင်းရှိလူများအား "မျက်ရည်မချူကြနဲ့ အကုန်ပစ်သတ်မယ်"ဟု ခြိမ်းခြောက်အော်ဟစ်ခဲ့ကြောင်း သိရသည်။

ပြုတ်ကျသွားသည့်လူငယ်အား လူနာတင်ယာဉ်ဖြင့် သယ်သွားပြီး အဆိုပါတိုက်အနီးဝန်းကျင်ရှိ တိုက်တစ်ခုကို ဝင်စစ်ကာ ဧည့်စာရင်းမတိုင်၍ဟုဆိုကာ လူအချို့ကိုလည်း ဖမ်းခေါ်သွားကြကြောင်း သိရသည်။

အာဏာသိမ်းအဖွဲ့သည် ၎င်းတို့၏လုပ်ရပ်များအား မှတ်တမ်းသက်သေရယူမည်ကို ကြောက်လန့်စွာ ရန်ရှာလေ့ရှိပြီး ဖြစ်စဉ်များအား အာဏာသိမ်းအဖွဲ့က သတင်းထုတ်ပြန်ရာတွင်လည်း ၎င်းတို့ရမ်းကားမှုများအား ထိန်ချန်ကာ အာဏာသိမ်းမှုဆန့်ကျင်သူများကလုပ်သည်ဟု စွပ်စွဲထုတ်ပြန်လေ့ရှိသည်ကို တွေ့ရသည်။