သီပေါ မြို့မဈေး၏ မြောက်ဖက်တွင် ရွာသူကြီး တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

Photo:  သီပေါလူငယ် လူမှုကူညီရေးအသင်း
Photo:  သီပေါလူငယ် လူမှုကူညီရေးအသင်း
 သီပေါ မြို့မဈေး၏ မြောက်ဖက်တွင် ရွာသူကြီး တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ရှိ မြို့မဈေး၏ မြောက်ဘက်တွင် ကျေးရွာသူကြီးလင်မယား(၂)ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် အမျိုးသား သေဆုံးသွားမှု ယနေ့ ဒီဇင်ဘာလ(၂)ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။

၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၂)ရက်‌နေ့ နံနက်(၁၁)နာရီဝန်းကျင်အချိန်က အမည်မသိ သေနတ်သမားမှ ပစ်ခတ်သွားခြင်း ဖြစ်ပြီး၊ သေနတ်ပစ်ခံရသည့်နေရာသို့ ရဲနှင့်စရဖတို့ ရောက်ရှိစစ်ဆေးပြီးနောက် ဒဏ်ရာရသူအား ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွား၍ အလောင်းအား သီပေါလူငယ် လူမှုကူညီရေးအသင်းက   ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

သီပေါဗဟိုဈေး မြောက်ဖက်မှာ မနက်က အဲ့လိုပစ်သွားလို့ သေသွားတယ်လို့ ကြားတယ်၊ အသက် (၃၀)လောက် ရှမ်းအမျိုးသား၊ သူက စင့်အင်တံတားနားကနေ ဝင်သွားရတဲ့ တာလုံကျေးရွာက သူကြီးလို့ သိရတယ်၊ သူ့မိန်းမနဲ့ ဈေးနားမှာရှိနေတုန်း သူများက ပစ်သွားတာ၊ သူက သေသွားတယ်၊ မိန်းမဖြစ်သူက လွတ်တယ်လို့ သိရတယ်

ဟု သီပေါဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

 

သီပေါမြို့နယ်အတွင်း ကျေးရွာများမှာ ရွာသူကြီးဖြစ်သူများကို ယခင်ကာလများကလည်း ဒေသတွင်း လက်နက်ကိုင်အဖွဲ့များက ဖမ်းဆီးခေါ်ဆောင်သွားခြင်း၊ စစ်ဆေးနေစဉ် သေဆုံးသွားခြင်း စသည့်ဖြစ်စဉ်များလည်း ဖြစ်ပွားလေ့ရှိသည်။