အင်းလေးဒေသ ဟဲယာရွာမ ဆေးရုံနှင့် COVID 19 စင်တာ အပါအဝင် တစ်ရွာလုံးကို အာဏာသိမ်းအဖွဲ့က လျှပ်စစ်မီး ဖြတ်တောက်ထား

အင်းလေးဒေသ ဟဲယာရွာမ ဆေးရုံနှင့် COVID 19 စင်တာ အပါအဝင် တစ်ရွာလုံးကို အာဏာသိမ်းအဖွဲ့က လျှပ်စစ်မီး ဖြတ်တောက်ထား
နိုဝင်ဘာ 14, 2021 | ရှမ်းတောင်

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ် အင်းလေးဒေသ ဟဲယာရွာမရှိ ဆေးရုံနှင့် ကိုယ်ထူကိုယ်ထ COVID 19 ကုသရေးစင်တာအပါအဝင် တစ်ရွာလုံးကို အာဏာသိမ်းအဖွဲ့၏ လျှပ်စစ်ဌာနက ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၁၃) ရက်နေ့မှစ၍ လျှပ်စစ်မီးဖြတ်တောက်ထားကြောင်း သိရသည်။

အင်းလေးက ဟဲယာရွာမ တစ်ရွာလုံးကို မီးဖြတ်ခံထားရတာပါ။ မီတာခမဆောင်လို့ဖြတ်ချင်ရင် အိမ်တွေမီးဖြတ်တာက ဖြတ်လို့ရပါတယ်။ အများပြည်သူသုံးတဲ့ ဆေးရုံတွေ၊ ကိုဗစ်စင်တာတွေကိုပါ ဖြတ်ခံထားရတာပါ။ အင်းလေးဒေသကရွာအတော်များများ အားကိုးနေရတဲ့ ကိုဗစ်စင်တာပါ။ အခုတော့ လူနာသစ်လက်မခံနိုင်ဘဲဖြစ်နေပါတယ်

ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

အင်းလေးဒေသအပါအဝင် ညောင်ရွှေမြို့နယ်အတွင်း ယခုရက်ပိုင်းအတွင်း COVID 19 အတည်ပြုလူနာ တိုးလာနေပြီး အင်းလေးဒေသမှ လူနာများကို ရွာမဆေးရုံနှင့် အောင်ပင်လယ်ကိုယ်ထူကိုယ်ထစင်တာတို့အပြင် ညောင်ရွှေရှိ စင်တာကြီး (၂)ခုသို့ပါ လူနာများ ပို့ဆောင်နေရခြင်းဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းအဖွဲ့က ယခုရက်ပိုင်းအတွင်း အင်းလေးဒေသအပါအဝင် ညောင်ရွှေမြို့နယ်အတွင်း အစစ်အဆေးအဖမ်းအဆီးများပြားနေသည့်အတွက် ဒေသတွင်းဖြစ်ပျက်နေမှုများကို ဒေသခံများအနေဖြင့် ထုတ်ဖေါ်ပြောကြားရန်လည်း အခက်အခဲရှိနေကြသည်ဟု သိရသည်။

အာဏာသိမ်းအဖွဲ့က ပြီးခဲ့သည့် အောက်တိုဘာလအတွင်းကလည်း အင်းလေးဒေသ မိုင်းသောက်တွင် လျှပ်စစ်မီတာခ မပေးဆောင်၍ ဟုဆိုကာ တစ်ရွာလုံးကို လျှပ်စစ်မီးဖြတ်တောက်ထားခဲ့ပြီး ညောင်ရွှေမြို့နယ်အတွင်း၌ အာဏာသိမ်းအဖွဲ့က လျှပ်စစ်မီး ဖြတ်တောက်ခံထားရသည့် ကျေးရွာပေါင်းမှ (၁၀၀)ကျော်ရှိနေကြောင်း သိရသည်။