စစ်တွေလေဆိပ်အဆင်းတွင် Air KBZ လေယာဉ်မှ သိမ်းငှက်ကို ဝင်တိုက်မိ

စစ်တွေလေဆိပ်အဆင်းတွင် Air KBZ လေယာဉ်မှ သိမ်းငှက်ကို ဝင်တိုက်မိ
နိုဝင်ဘာ 3, 2021 | အခြားဒေသများ

ရခိုင်ပြည်နယ် စစ်တွေလေယာဉ်ကွင်းသို့ ဆင်းသက်လာသည့် Air KBZ လေယာဉ် တစ်စီးသည် သိမ်းငှက်အား တိုက်မိ၍ လေယာဉ်၏ ညာတောင်ပံထိပ်ရှိ Navigation Light(အစိမ်းရောင်)မီးသီးကွဲကြေပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း သိသည်။

ယနေ့ ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၃)ရက်နေ့တွင် ရန်ကုန်မှ စစ်တွေ့သို့ ပြေးဆွဲသည့် AIR KBZ လေကြောင်းလိုင်း ခရီးစဉ်အမှတ် K7 426-XYAMN သည် နံနက်(၇)နာရီ မိနစ်(၅၀)ဝန်းကျင်အချိန်က ရန်ကုန်မှ ထွက်ခွာလာပြီး စစ်တွေလေယာဉ်ကွင်းသို့ ဆင်းသက်စဉ် ယင်းသို့ ဖြစ်ပွားခြင်း ဖြစ်ကြောင်း ဒေသအခြေပြု ရခိုင်နေ့စဉ် သတင်း၏ ဖော်ပြချက်အရ သိရသည်။

လေယာဉ်တွင် ခရီးသည် (၂၈)ဦး လိုက်ပါလာပြီး အခြား ထိခိုက်မှုများမရှိကြောင်းနှင့် လေယာဉ်ပေါ်ပါ ခရီးသည်များအား ယနေ့ နေ့လည် (၂)နာရီ (၁၅)မိနစ်ဝန်းကျင်အချိန်တွင် အခြားလေယာဉ် (၁)စီးဖြင့် အစားထိုး ပို့ဆောင်ပေးလိုက်ကြောင်း သိရသည်။

ပျက်စီးသွားသည့် လေယာဉ်အား အင်ဂျင်နီယာအဖွဲ့က စစ်ဆေးပြင်ဆင်နေလျက်ရှိကြောင်း သိရသည်။

Photo: ရခိုင်နေ့စဉ်