ကိုးကန့် MNDAA တပ်က နယ်မြေရှင်းလင်းမှုအတွင်း အာဏာသိမ်းစစ်တပ်၏ လက်နက်ခဲယမ်းများ ထပ်မံ သိမ်းဆည်း ရမိ

The Kokang
The Kokang
ကိုးကန့် MNDAA တပ်က နယ်မြေရှင်းလင်းမှုအတွင်း အာဏာသိမ်းစစ်တပ်၏ လက်နက်ခဲယမ်းများ ထပ်မံ သိမ်းဆည်း ရမိ
အောက်တိုဘာ 29, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုး ဖောင်းဆိုင်ဒေသအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်နေရာများကို ကိုးကန့် MNDAA က ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၂၇) ရက်နေ့တွင် နယ်မြေရှင်းလင်းရာ အာဏာသိမ်းတပ်၏ လက်နက်အချို့ကို ထပ်မံသိမ်းဆည်းရမိကြောင်း သိရသည်။

 အာဏာသိမ်းစစ်တပ်သည် ကိုးကန့်ဒေသကို ထိုးစစ်ဆင်တိုက်ခိုက်နေရာ အောက်တိုဘာလ (၂၇) ရက်နေ့က သိန္နီခရိုင်၊ မိုင်းယော်ဒေသတွင် တိုက်ပွဲဖြစ်ပွားပြီး မုံးကိုးခရိုင်ရှိ ကိုးကန့်MNDAA တပ်ကို ကိုးကန့်ဒေသရှိ လုံးခမ် ၊ ဟေးရှန်း ၊ မုံးကိုးဗျူဟာကုန်းနှင့် ဖောင်းဆိုင်တို့တွင် အခြေချသော အာဏာသိမ်းတပ်က လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် ကိုးကန့် MNDAA နယ်မြေကို နေ့စဉ် စစ်အင်အားတိုးချဲ့ပြီး တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး တိုက်ပွဲများအတွင်း လက်နက်ကြီးများ အလွန်အကျွံအသုံးပြုကာ မြေပြင် အထူးစစ်ဆင်ရေးအဖွဲ့များဖြင့်   တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

မုံးကိုးဒေသဘက်သို့ လက်နက်၊ တပ်အင်အား ဖြည့်တင်းနေသည့် အာဏာသိမ်းစစ်ကောင်စီက အောက်တိုဘာလ (၂၅) ရက်နေ့တွင်လည်း လားရှိုးဘက်မှနေ၍ စစ်ကား (၄၈) စီးပါ ယာဉ်တန်းဖြင့် မုံးကိုးဒေသဘက်သို့ လက်နက်၊ ရိက္ခာဖြည့်တင်းရာ  ကိုးကန့် MNDAA တပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့သည်ကိုလည်း တွေ့ရသည်။

စစ်ရေးလှုပ်ရှားမှုများ (၅)လတာ ရပ်ထားမည်ဟု ကြေညာထားသည့် အာဏာသိမ်းစစ်တပ်နှင့်  ကိုးကန့် MNDAA တပ်ဖွဲ့တို့ကြား အောက်တိုဘာလမှစတင်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်းတွင် နေ့စဉ် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။