၂၀၂၁ မိုးစပါး နှင့် ၂၀၂၂ နွေစပါးတို့အတွက် စပါးတင်း(၁၀၀)ကို ကျပ်(၅၄၀၀၀၀)သတ်မှတ်

၂၀၂၁ မိုးစပါး နှင့် ၂၀၂၂ နွေစပါးတို့အတွက် စပါးတင်း(၁၀၀)ကို ကျပ်(၅၄၀၀၀၀)သတ်မှတ်
By Tachileik News Agency

၂၀၂၁ခုနှစ် မိုးစပါး နှင့် ၂၀၂၂ခုနှစ် နွေစပါးတို့အတွက် စပါးတင်း(၁၀၀)၏ ဈေးနှုန်းကို ကျပ်(၅၄၀,၀၀၀)အဖြစ် သတ်မှတ်ကြောင်း တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့က အောက်တိုဘာလ(၅)ရက်နေ့က ထုတ်ပြန်လာသည်။

အစိုဓါတ် (၁၄)ရာခိုင်နှုန်းရှိပြီး အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်ပြီး အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန် စံညွှန်းများနှင့် ကိုက်ညီသည့် တစ်တင်း (၄၆)ပေါင်ကိုက် စပါးတင်း (၁၀၀)၏ အခြေခံရည်ညွှန်းစပါးဈေးနှုန်းအား ကျပ်(၅၄၀,၀၀၀)သတ်မှတ်လိုက်ပြီး ဈေးကွက်ပေါက်ဈေးသည် အခြေခံရည်ညွှန်းစပါးဈေးနှုန်းအပေါ်တွင် ဖြစ်ပါက ဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ယူရန် နှင့် ဈေးကွက်ပေါက်ဈေးသည် အခြေခံ ရည်ညွှန်းစပါးဈေးနှုန်းအောက်တွင် ဖြစ်ပါက အခြေခံ ဈေးနှန်ုးအတိုင်း ဝယ်ယူရမည်ဟု အသိပေးထားသည်။

တစ်ဧကမှ အများဆုံးထွက်လှ တင်း(၆၀)ကျော် (၇၀)လောက်ပဲရှိတာ။ နေ့စားခကလည်း တစ်ရက်ကို (၅၀၀၀)လောက်ပေးရတယ်။ ဒါတောင် ဒီဇယ်ဈေးတွေ မြေဩဇာဈေးတွေ မပါသေးဘူး။ လယ်သမားတွေအတွက် အဆင်မပြေဘူး။ ပိုးသတ်ဆေးတွေ၊ မြေဩဇာတွေကလည်း ဈေးနှုန်းက မြှင့်တက်နေတာ။ ဘာသွားလုပ်ရတော့မလဲ။ ပြောတော့ စိုက်ပျိုးရေးကို အဓိက အားထားတဲ့ စိုက်ပျိုးတောင်သူလယ်သမားတွေအတွက်တော့ ဘာမှ မစဉ်းစားပေးဘူး

ဟု စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ လယ်သမားတစ်ဦးက Tachileik News Agency သို့ ပြောသည်။

အခြေခံရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချရန် အခက်အခဲရှိသည့် တောင်သူလယ်သမားများအနေဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ မြို့နယ်ကိုယ်စားလှယ်များသို့ဖြစ်စေ၊ အသင်းချုပ်ရုံး၏ဖုန်း 01 2301128၊ 0812301129 ၊ 01 218266 သို့ ဆက်သွယ်နိုင်သည်ဟု  တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့က အသိပေးထားသည်။

ယခင်က တောင်သူလယ်သမားများ၏ လက်သုံးစကားမှာ စပါးတင်း(၁၀၀)ကို ရွှေတစ်ကျပ်သား ရသည်ဟု ဆိုခဲ့ကြရမှ ယခုအခါ မြန်မာနိုင်ငံ၏ ရွှေဈေးမှာ အောင်တိုဘာလ(၆)ရက်နေ့တွင် တစ်ကျပ်သားလျှင် (၁၉)သိန်းကျော်အထိရှိနေပြီး စပါးတင်း(၁၀၀)မှာ ကျပ်(၅၄၀၀၀၀)ဖြစ်သည့်အတွက် စပါးတင်း(၁၀၀)လျှင် ရွှေတစ်ကျပ်သားမရနိုင်တော့သည့် အခြေအနေ ဖြစ်နေသည်ဟု လယ်သမားများက ပြောဆိုနေကြသည်။