အာဏာသိမ်းစစ်တပ်က ဖမ်းသွားပြီး သေလား ရှင်လားဆိုသည်ကို မသိရဘဲ သတင်းပျောက်နေသည့် ကယားပြည်နယ် (၆)မိုင်ရွာမှ လူငယ်နှစ်ဦး၏ပုံများ လူမှုကွန်ယက်တွင် ထပ်မံထွက်ပေါ်လာ

Photo: PKPF
Photo: PKPF
အာဏာသိမ်းစစ်တပ်က ဖမ်းသွားပြီး သေလား ရှင်လားဆိုသည်ကို မသိရဘဲ သတင်းပျောက်နေသည့် ကယားပြည်နယ် (၆)မိုင်ရွာမှ လူငယ်နှစ်ဦး၏ပုံများ လူမှုကွန်ယက်တွင် ထပ်မံထွက်ပေါ်လာ
စက်တင်ဘာ 18, 2021 | ကယား

အာဏာသိမ်းစစ်တပ်က ကယား(ကရင်နီ)ပြည်နယ်မှ ဖမ်းသွားပြီးနောက် သေလား ရှင်လားဆိုသည်ကို မသိရဘဲ သတင်းပျောက်နေသည့် ဖီးဒေးလယ်နှင့် ပါစကွားလယ်တို့၏ ဓါတ်ပုံများ လူမှုကွန်ရက်စာမျက်နှာတွင် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့၌ ထပ်မံပျံ့နှံ့လာသည်ကို တွေ့ရသည်။

အဆိုပါ လူငယ်နှစ်ဦးကို ခမရ ၄၂၇ တပ်တွင် ဖမ်းထားသည်ကို တွေ့ခဲ့ရသည်ဟု စက်တင်ဘာလ (၁၁) ရက်နေ့က အဆိုပါလူငယ်နှစ်ဦး၏ပုံ လူမှုကွန်ယက်၌ စတင်ပျံ့နှံ့လာချိန်တွင် အမည်မဖေါ်လိုသည့် သတင်းရင်းမြစ်က တာချီလိတ်သတင်းအေဂျင်စီသို့ ဆက်သွယ်ပြောကြားလာခဲ့သော်လည်း သီးခြားအတည်ပြုချက် ရရှိထားခြင်း မရှိပါ။

အဆိုပါသတင်းရင်းမြစ်၏ အဆိုအရ ဖီးဒေးလယ်နှင့် ပါစကွားလယ်တို့အပြင် အခြား လူငယ် (၂) ဦးကိုလည်း ဒီးမော့ဆိုမြို့နယ်အခြေစိုက် ခမရ ၁၀၂ တွင် ဖမ်းထားပြီး မည်သူများဖြစ်သည်ကို အတည်မပြုနိုင်ဟု ဆိုသည်။

ဒီမော့ဆိုမြို့နယ် (၆) မိုင်စံပြကျေးရွာမှ စစ်ဘေးရှောင်ပြီး စက်တင်ဘာလ(၈)ရက်နေ့တွင် ရွာခဏပြန်စဉ် ပျောက်သွားသည့် ဖီးဒေးလယ်နှင့် ပါစကွားလယ်တို့နှစ်ဦးကို ကြိုးချည်ခံထားရပြီး လက်သုံးချောင်းထောင်နေသည့်ပုံများ စက်တင်ဘာလ (၁၁) ရက်နေ့ နံနက်ပိုင်းက  လူမှုကွန်ရက်တွင် ပျံ့နှံ့လာရာမှ စစ်တပ်က ဖမ်းထားသည်ကို အတည်ပြုနိုင်ခဲ့ကြခြင်းဖြစ်သည်။

စက်တင်ဘာလ (၁၈) ရက်နေ့တွင် အဆိုပါ လူငယ် (၂) ဦး၏ လက်သုံးချောင်းထောင်သည့်ပုံများ ထပ်မံပျံ့နှံ့လာသည်ကိုတွေ့ရပြီး ညှင်းပန်းနှိပ်စက်ခံထားရသည့်အနေအထားဖြစ်နေသည်ကို တွေ့ရသည်။

လက်ရှိအချိန်ထိ အဆိုပါလူငယ်နှစ်ဦး၏အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးပါ။

#TachileikNewsAgency