လွိုင်ကော်နှင့် ဒီမော့ဆိုကြား ယနေ့တိုက်ပွဲများတွင် အာဏာသိမ်းတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်မှုကြောင့် လူနေအိမ် (၄)လုံးပျက်စီး

Photo: CJ
Photo: CJ
လွိုင်ကော်နှင့် ဒီမော့ဆိုကြား ယနေ့တိုက်ပွဲများတွင် အာဏာသိမ်းတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်မှုကြောင့် လူနေအိမ် (၄)လုံးပျက်စီး
စက်တင်ဘာ 7, 2021 | ကယား

ကယား (ကရင်နီ)ပြည်နယ် လွိုင်ကော်နှင့် ဒီမော့ဆိုမြို့နယ်ကြားတွင် ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၇) ရက်နေ့ ညနေပိုင်းက တိုက်ပွဲ (၂) နေရာဖြစ်ပွားပြီး အာဏာသိမ်းစစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်၍ လူနေအိမ် (၄) လုံးမီးလောင်ဆုံးရှုံးသွားကြောင်း သိရသည်။

လွိုင်ကော်နှင့် ဒီမော့ဆိုမြို့နယ်ကြားတွင် ဒေါပိုးစီကျေးရွာအနီးတွင် ယနေ့ညနေ (၃) နာရီဝန်းကျင်က အာဏာသိမ်းစစ်တပ်နှင့် KNDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ညနေ (၅) နာရီအချိန်မှစ၍  ဒီးမော့ဆိုမြို့နယ်တွင်းရှိ (၅)မိုင်နှင့် (၆)မိုင်ကြားတွင် တိုက်ပွဲထပ်မံဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲများအတွင်း အာဏာသိမ်းစစ်တပ်က လက်နက်ကြီးများဖြင့်ပါ ရမ်းသမ်းပစ်ခတ်နေ၍ လက်ရှိအချိန်ထိ (၆) မိုင်ကျေးရွာတွင်းမှ လူနေအိမ် (၄) လုံးပျက်စီး ဆုံးရှုံးသွားပြီဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဒီးမော့ဆိုမြို့နယ်နှင့် လွိုင်ကော်မြို့နယ်တို့တွင် အာဏာသိမ်းစစ်တပ်က စစ်အင်အား ဖြန့်ကျက်နေသဖြင့် အဆိုပါမြို့နယ်များအတွင်း တိုက်ပွဲများ ပြင်းထန်လာဖွယ်ရှိ၍ ပြည်သူများ လုံခြုံရေးအထူးသတိထားကြရန် KNDF သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။