COVID-19 ဖြင့် ပျံလွန်တော်မူသည့် ဟိုပုံးကိုရင်လေး၏ အန္တိမဈာပန ညတွင်းချင်းပြုလုပ်ရန် ညှိနှိုင်း မရ

COVID-19 ဖြင့် ပျံလွန်တော်မူသည့် ဟိုပုံးကိုရင်လေး၏ အန္တိမဈာပန ညတွင်းချင်းပြုလုပ်ရန် ညှိနှိုင်း မရ
စက်တင်ဘာ 1, 2021 | Covid-19| ရှမ်းတောင်
By Tachileik News Agency

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်မှ ဟိုပုံးကိုရင်လေး(ရှင်ပေါရိဿ)၏ အန္တိမဈာပနကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၁) ရက်နေ့တွင် ယနေ့ညတွင်းချင်းပြုလုပ်ရန် စီစဉ်ထားသော်လည်း ညှိနှိုင်းသဘောတူညီချက်မရ၍ ပြုလုပ်နိုင်ခြင်း မရှိဘဲဖြစ်နေပြီး ဟိုတိကျေးရွာကို အသွားအလာကန့်သတ်ရန် စီစဉ်နေကြောင်း သိရသည်။

 

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လုံခုတ်ကျေးရွာအုပ်စု၊ ဟိုတိကျေးရွာရှိ ဟိုပုံးကိုရင်လေးကျောင်းမှ သက်တော် (၄၈) နှစ် ဝါတော် (၃၅) ဝါရှိ ကျောင်းထိုင်ဆရာတော် ဟိုပုံးကိုရင်လေး(ရှင်ပေါရိဿ)သည် ယနေ့တွင် ပျံလွန်တော်မူသွားသဖြင့် ဟိုပုံးမြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာမောင်မောင်သိမ်းနှင့် ကျန်းမာရေးဝန်ထမ်းများက သွားရောက်စစ်ဆေးရာ COVID-19 ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

 မီးပူဇော်မည့် အန္တိမဈာပနအတွက် ညနေကတည်းက ပြင်ဆင်ထားစဉ်

ဆရာတော်၏ အန္တိမဈာပနကို ပြုလုပ်ရန်အတွက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ)တိုင်းမှူး၊ ရှမ်းပြည်ဝန်ကြီးချုပ်၊ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့ပါဝင်သည့်အဖွဲ့က PNO အပါအဝင် ဆရာတော်၏ ဒကာ၊ဒကာမများဖြင့် ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့ည (၉)နာရီခွဲဝန်းကျင်အထိ ပြုလုပ်ခဲ့ကြပြီး ယနေ့ မီးပူဇော်မည့် အန္တိမဈာပနအတွက် ညှိနှိုင်းမရဖြစ်ပြီး ရက်ရွှေ့လိုက်ကြောင်း သိရသည်။ 

ဆရာတော်၏ ဈာပနအတွက် ကျေးရွာလူထု ဒကာ၊ ဒကာမများအပါအဝင်  ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေးအဖွဲ့များနှင့် ပရဟိတအဖွဲ့များလည်း နေ့လယ်ပိုင်းကတည်းက ပြင်ဆင်စောင့်ဆိုင်းခဲ့ကြရခြင်းဖြစ်ကြောင်း သိရသည်။

COVID-19 ကူးစက်ခံရသဖြင့် ကျောင်းတိုက်တွင် ဆေးဝါးကုသမှုခံယူနေသည့် ဟိုပုံးကိုရင်လေး(ရှင်ပေါရိဿ)သည် ယနေ့ နံနက်(၁၁)နာရီ (၄၅)မိနစ်အချိန်က ပျံလွန်တော်မူသွားပြီးနောက် ကျောင်းဝင်းကို လုံခြုံရေးအပြည့်ချထားသည့်အပြင် ည (၉)နာရီခွဲဝန်းကျင်တွင်လည်း PNO က တပ်ဖွဲ့ဝင်အင်အား ထပ်ဖြည့်ထားသည်ဟု သိရသည်။

ဟိုပုံးကိုရင်လေးကျောင်းနှင့် ဟိုတိကျေးရွာကိုလည်း COVID-19 ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီက local semi – lockdown သတ်မှတ်ဆောင်ရွက်ရန် ဆုံးဖြတ်ထားသည်ဟု သိရသည်။

ဆက်စပ်သတင်း

ဟိုပုံးကိုရင်လေး ပျံလွန်တော်မူသွားသည့် အတွက် ဝမ်းနည်းကြောင်း PNO ထုတ်ပြန်