မြန်မာအာဏာသိမ်းစစ်တပ်က တောင်းဆို၍ တရုတ်စစ်တပ်က COVID 19 ကာကွယ်ဆေး ပံ့ပိုး

Photo: Cincds
Photo: Cincds
မြန်မာအာဏာသိမ်းစစ်တပ်က တောင်းဆို၍ တရုတ်စစ်တပ်က COVID 19 ကာကွယ်ဆေး ပံ့ပိုး

မြန်မာ အာဏာသိမ်းစစ်တပ်အတွက် COVID 19 ကာကွယ်ဆေး ပံ့ပိုးပေးရန် တောင်းဆိုချက်အရ တရုတ်စစ်တပ်က ၂၀၂၁ ခုနှစ် ဩဂုတ်လ (၈) ရက်နေ့က ပံ့ပိုးလိုက်သည့် ကာကွယ်ဆေးများ ဩဂုတ်လ (၂၂) ရက်နေ့တွင် ရန်ကုန်သို့ ရောက်လာကြောင်း သိရသည်။

မြန်မာအာဏာသိမ်းစစ်တပ်က တောင်းဆိုချက်ကို တရုတ်ဗဟိုစစ်ကော်မရှင်က အတည်ပြုပေးလိုက်ပြီး သြဂုတ်လ (၈) ရက်နေ့တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က မြန်မာ အာဏာသိမ်းစစ်တပ်အတွက် ကာကွယ်ဆေးပံ့ပိုးပေးလိုက်ခြင်းဖြစ်သည်ဟု တရုတ်သတင်းဌာန ပေါက်ဖေါ်၏ ဖေါ်ပြချက်အရ သိရသည်။

တရုတ်စစ်တပ်မှ ထောက်ပံ့သည့် SARS-CoV-2 Vaccine(Vero Cell) (၄၀၀,၀၀၀) လုံး၊ ဆေးထိုးအပ် (၄၀၃,၂၀၀) ခုတို့နှင့်အတူ ပေကျင်းမြို့ရှိ မြန်မာ စစ်သံ(ကြည်း၊ရေ၊လေ)ရုံးမှ ဆေးဘက်ဆိုင်ရာ အထောက်အကူပြုပစ္စည်းများဖြစ်သည့် Oxygen Concentrator (၁၆) လုံး၊ PPE ၀တ်စုံ (၂၄၀) စုံ၊ Mask (၁၀၃,၅၀၀) ခု၊ ပေကျင်းမြို့ရှိ မြန်မာသံရုံး မှလှူဒါန်းသည့် Carrimycin ဆေးပြား (၇၂,၀၀၀) ပြားနှင့် Mask (၁၀၀,၀၀၀) ခု တို့ကို ရန်ကုန်လေဆိပ်သို့ Air China လေယာဉ်ဖြင့် ပို့ဆောင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးနှင့် ဆေးပစ္စည်းများကို ဒဂုံမြို့နယ်ရှိ ဆေးသိုလှောင်ရေးတပ်နှင့် မရမ်းကုန်းမြို့နယ်ရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကာကွယ်ဆေးသိုလှောင်ခန်းတို့တွင် ပို့ဆောင်ထားကြောင်း သိရသည်။