ထိုင်းရဲတပ်ဖွဲ့ ၏ ဒုရဲချုပ်ကို အွန်လိုင်းလောင်းကစားအမှုတွင် သံသယရှိသူ အဖြစ်  အတည်ပြု

ထိုင်းရဲတပ်ဖွဲ့ ၏ ဒုရဲချုပ်ကို အွန်လိုင်းလောင်းကစားအမှုတွင် သံသယရှိသူ အဖြစ်  အတည်ပြု
ဖေဖော်ဝါရီ 22, 2024 | နိုင်ငံတကာသတင်း
By Mr John

 ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့၏ ဒုရဲချုပ်  ဆူရတ်ချိတ် ဟော့ပန်း ကို အွန်လိုင်းလောင်းကစားအမှုတွင် သံသယရှိသူ အဖြစ် သတ်မှတ်လိုက်ကြောင်းနှင့် ငွေကြေးခဝါချမှု အပါအဝင် စွဲချက်များဖြင့် စွဲချက်တင်ခံရနိုင်ကြောင်း ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို Central Investigation Bureau (CIB) က ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ (၂၁) ရက်နေ့တွင် အတည်ပြုခဲ့သည်။

ဒုရဲချုပ် ရဲဗိုလ်ချုပ်ကြီး ဆူရတ်ချိတ် ဟော့ပန်း မှာ "Minnie" ဟုလည်း လူသိများသည့် အသက် (၂၅) နှစ်အရွယ် single mother တစ်ဦးဖြစ်သူ Suchanun Sucharitchinsri လုပ်ကိုင်နေသော အွန်လိုင်းလောင်ကစားကွန်ရက်တွင် ပါဝင် ပတ်သက်မှုဖြင့် ထပ်တိုး သံသယရှိသူ ရဲအရာရှိ (၅) ဦးအနက်မှ တစ်ဦးဖြစ်ကြောင်း ရဲဗိုလ်ချုပ် Charoonkiat Pankaew က ပြောသည်။

Minnie နှင့် ဆက်နွယ်နေသော လောင်းကစားဝက်ဘ်ဆိုက်များ ပါဝင်သည့် ပထမအမှုကို တိုးချဲ့ စုံစမ်းစမ်းဆေးပြီးနောက် သံသယရှိသူ ရဲအရာရှိ (၅) ဦးကို ဒုတိယအမှုတွင် ဖော်ထုတ်သိရှိလာခဲ့ခြင်း ဖြစ်သည်။ 

ရဲဗိုလ်ချုပ် Charoonkiat ၏ အဆိုအရ အဓိက အမှုဖြစ်သည့် ပထမအမှုတွင် သံသယရှိသူ (၆၁) ဦးရှိပြီး ၎င်းတို့အနက် ရဲအရာရှိများ ပါဝင်ကြောင်း သိရသည်။

ဒုတိယအမှုတွင် အဆင့်မြင့် ရဲအရာရှိကြီးများ ပါဝင်ပတ်သက်နေသောကြောင့် ထိုအမှုကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် National Anti-Corruption Commission (NACC) သို့ လွှဲပြောင်းခဲ့သည်။ 

NACC က အဆိုပါ ဒုတိယအမှုကို ကိုင်တွယ်မည် သို့မဟုတ် ရဲတပ်ဖွဲ့ကို လုပ်ဆောင်ခွင့်ပြုမည်ကို ဆုံးဖြတ်သွားမည်ဟု ဆိုသည်။ 

ရဲတပ်ဖွဲ့နှင့် ဆက်နွယ်နေသည့် အမှုများဖြစ်သောကြောင့် အမှု (၂) ခုလုံးကို ရဲတပ်ဖွဲ့အနေဖြင့် ကိုင်တွယ်သွားလိုကြောင်း ရဲဗိုလ်ချုပ် Charoonkiat က ပြောသည်။

ငွေသား ဘတ် သန်း (၃၀၀) ကျော်နှင့်အတူ ရဲအရာရှိများ ပါဝင် ပတ်သက်နေသော ယခုအမှုများကို ထိတ်လန့်ဖွယ် ဖော်ထုတ်သိရှိလာခဲ့ရသည်ဟုလည်း ၎င်းကဆိုသည်။

 "ဘတ် သန်း (၃၀၀) ကျော် ငွေအလွှဲအပြောင်း လုပ်ထားတာကို တွေ့ရတဲ့အခါ ဒါကို မျက်ကွယ်ပြု လျှော့ချလိုက်လို့ မရဘူး။ မဟုတ်ရင် ရဲတပ်ဖွဲ့ဂုဏ်သိက္ခာကို ထိခိုက်ပျက်ပြားစေမယ့် ကင်ဆာ ဖြစ်လာလိမ့်မယ်" ဟု ရဲဗိုလ်ချုပ် Charoonkiat က ပြောသည်။

စုံစမ်းစစ်ဆေးရေးမှူးများထံတွင် အမှုတည်ဆောက်ရန် ငွေထုတ်ယူမှုနှင့် ငွေလက်ခံရရှိသော လူအုပ်စုတို့ကို ဖော်ပြထားသည့် ငွေကြေးရှင်းတမ်းများ အပါအဝင် လုံလောက်သော သက်သေအထောက်အထား ရှိထားကြောင်းလည်း ၎င်းကဆိုသည်။ 

 

Source: Bangkok Post