တစ်ရက်ကြာ မြေပြိုပြီး ပိတ်မိနေသည့်  ကျောက်မဲ - မိုင်းငေါ့လမ်းတွင် ပုံမှန်အတိုင်း ပြန်လည် သွားလာနိုင် 

တစ်ရက်ကြာ မြေပြိုပြီး ပိတ်မိနေသည့်  ကျောက်မဲ - မိုင်းငေါ့လမ်းတွင် ပုံမှန်အတိုင်း ပြန်လည် သွားလာနိုင် 
သြဂုတ် 19, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်အတွင်း ကျောက်မဲ - မိုင်းငေါ့လမ်းတွင် မိုးရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားပြီး တစ်ရက်ကြာ လမ်းပိတ်နေရာမှ ယနေ့ ဩဂုတ်လ(၁၉)ရက်နေ့တွင် လမ်းပြန်ပွင့်သွားပြီ ဖြစ်ကြောင်း သိရသည်။ 

မနေ့  ( ၁၈ )ရက်နေ့က ကျောက်မဲ - မိုင်းငေါ့ လမ်းပိုင်းက မိုင်တိုင်အမှတ် ( ၂၆ )နဲ့ ( ၂၇ )အကြားမှာ မြေပြိုပြီး လမ်းပိတ်သွားတာပါ၊ ဖြတ်သွားတဲ့ကားတွေ ကားငယ်တွေကအစ အဲ့နားမှာထားခဲ့ရပြီး လူတွေပဲသွားလို့ ရတယ်။ ဒီနေ့ နေ့လည်ပိုင်းမှာ လမ်းပြန်ပွင့်သွားတဲ့အတွက် အဲ့မှာထားခဲ့ရတဲ့ ယာဉ်တွေကို ပြန်သွားယူခဲ့တာပါ

ဟု မြေပြိုမှုကြောင့် လမ်းပိတ်ဆို့နေစဉ် ဖြတ်သန်းသွားလာခဲ့သူ တစ်ဦးက တာချီလိတ်သတင်းအေးဂျင်စီသို့ ပြောသည်။

ကျောက်မဲ - မိုင်းငေါ့လမ်းပိုင်းရှိ ( ၂၆ )မိုင်နှင့် ( ၂၇ )မိုင်အကြားမြေပြိုကျပြီး လမ်းပိတ်ဆို့နေမှုကို မိုင်းငေါ့မြို့ရှိ ဆောက်လုပ်ရေးဌာနသို့ ခရီးသွားများက အကြောင်းကြားပေးခဲ့မှုကြောင့် ဆောက်လုပ်ရေးဌာနက လာရောက် ဖြေရှင်းခဲ့ရာ နောက်တစ်ရက်တွင် လမ်းပြန်ပွင့်သွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့သည့် ဩဂုတ်လ( ၁၈ )ရက်နေ့အထိ မိုင်းငေါ့မြို့နယ်အတွင်း စစ်ကောင်စီ၏ စစ်ကြောင်း က ဖြတ်သန်းသွားလာမှုများရှိခဲ့ပြီး မိုင်းငေါ့မြို့နယ်အတွင်း တိုက်ပွဲဖြစ်နေသည့် ပစ်ခတ်သံများကိုလဲ မိုင်းငေါ့ မြို့ပေါ်မှပင် ကြားသိနေရသည်ဟုလည်း ဒေသခံများထံက သိရသည်။

ကျောက်မဲ-မိုင်းငေါ့လမ်းပိုင်းတွင် မြေပြိုကျမှုကို ဖြေရှင်းပြီးဖြစ်၍ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်သော်လည်း ဒေသအတွင်း တိုက်ပွဲများနေရာအနှံ့ ဖြစ်ပွားနေသည့်အတွက် မဖြစ်မနေသွားလာနေကြသူများမှအပ ဖြတ်သန်း သွားလာသူနည်း ပါးလျက်ရှိသည်ဟု သိရသည်။

#TachileikNewsAgency

 photo - Sai Htin Kyaw