ကျောက်မဲတွင် အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့်ရဲက ညပိုင်းဝင်ရှာခံရသည့်အိမ်များမှ တန်ဖိုးရှိပစ္စည်းများ ယူဆောင်ခံနေရ

ကျောက်မဲတွင် အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့်ရဲက ညပိုင်းဝင်ရှာခံရသည့်အိမ်များမှ တန်ဖိုးရှိပစ္စည်းများ ယူဆောင်ခံနေရ
သြဂုတ် 14, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့မှ နေအိမ်တစ်လုံးကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၁၃) ရက်နေ့ ညပိုင်းတွင် အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့်ရဲပူးပေါင်းအဖွဲ့က ဝင်ရောက်ရှာဖွေရာ တရားမဝင်ပစ္စည်း မတွေ့ရသော်လည်း ရွှေ၊ ငွေနှင့် တန်ဖိုးရှိပစ္စည်းများကို ယူဆောင်သွားကြောင်း သိရသည်။

တောင်ပေါ်ရွာကနေ ကျောက်မဲကိုပြောင်းပြီး အိမ်ငှားနဲ့လာနေကြတဲ့ မိသားစုရဲ့အိမ်ပါ။ သူတို့အိမ်ကို ဩဂုတ်လ ( ၁၃ )ရက် ညနက်ပိုင်းမှာ မူးယစ်ဆေးဝါးသတင်းရလို့ရှာမယ်ဆိုပြီး ဝင်ရှာတယ်။ မနက် (၄) နာရီထိရှာတာ ဘာမှမတွေ့တော့ ဆွဲကြိုးတစ်ကုံးရယ်၊ ငွေသား ငါးသောင်းနဲ့ ဖုန်းတွေ ယူသွားတယ်

ဟု ကျောက်မဲဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျောက်မဲမြို့တွင် အလားတူ မူးယစ်ဆေးဝါးသတင်းအရဟုဆိုကာ ညအချိန် လူနေအိမ်များအား ဝင်ရောက်ရှာဖွေမှုကို ဩဂုတ်လအတွင်း လိုက်လံလုပ်ဆောင်နေပြီး ရှာဖွေသည့်နေအိမ်တွင် မူးယစ်ဆေးဝါး မတွေ့သည့်တိုင် နေအိမ်ရှိလူများ ဝတ်ဆင်ထားသည့်ရွှေများ၊ လက်ကိုင်ဖုန်းများ၊ စုဆောင်းထားသော ပိုက်ဆံများကို ယူဆောင်ခံရခြင်းများရှိနေသည်ဟု ကြားသိရကြောင်း ဒေသခံအချို့က အတည်ပြုသည်။

ယင်းအပြင် အာဏာသိမ်းအဖွဲ့က ပုဒ်မ ၅၀၅ အပါအဝင် ပုဒ်မအမျိုးမျိုးဖြင့် အမှုဖွင့်ခံရ၍ တိမ်းရှောင်နေသူများ၏ လူသူမနေသည့် နေအိမ်များကိုလည်း  ညပိုင်းဝင်ရှာကာ တန်ဖိုးရှိပစ္စည်းများကို ယူဆောင်သွားခြင်း၊ ယူဆောင်ရန်ခက်ခဲသည့် ပစ္စည်းများကို ဖျက်ဆီးခြင်းများလည်း ရှိနေသည်ဟု နေအိမ်ရှာဖွေခံရသူများထံမှ သိရသည်။