ကျောက်မဲမြို့တွင် COVID-19 ပိုးတွေ့လူနာ သေဆုံးမှုကို သာမန်သေဆုံးမှုအတိုင်း နာရေးလုပ်ရန် ကြိုးစားမှုများရှိနေ

ကျောက်မဲမြို့တွင် COVID-19 ပိုးတွေ့လူနာ သေဆုံးမှုကို သာမန်သေဆုံးမှုအတိုင်း နာရေးလုပ်ရန် ကြိုးစားမှုများရှိနေ
သြဂုတ် 11, 2021 | Covid-19| ရှမ်းမြောက်

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့ ပြည်သူ့ဆေးရုံရှိ COVID 19 လူနာကုသဆောင်၌ ကုသပေးနေသည့် COVID 19 လူနာတစ်ဦးကို မသေဆုံးမီ အိမ်ပြန်ခေါ်ကာ သေဆုံးချိန်တွင် အိမ်၌နာရေးပြုလုပ်ရန် ကြိုးစားခဲ့ကြောင်း သိရသည်။

ဆေးရုံမှာကုနေတဲ့ ပိုးတွေ့လူနာက အခြေအနေမကောင်းတော့ နေအိမ်ကိုပြန်သယ်ဖို့ မိသားစုတွေက လာပြောတာကို ဆေးရုံက ခွင့်ပြုလိုက်တယ်။ အိမ်ကိုသယ်တော့ တစ်ခြားမြို့မှာ ဆေးသွားကုပြီး ပြန်လာတယ်ဆိုပြီး သယ်လာတယ်။ အိမ်မှာဆုံးသွားတော့ အအေးခေါင်းလာဆင်ခိုင်းတယ်။ အဲဒီ  လူမှုရေးအသင်းက မအားလို့ တစ်ခြားအသင်းတစ်ခုကို အကူအညီလှမ်းတောင်းတာ။ အဲဒီအသင်းက နာရေးကို သေချာစုံစမ်းတော့မှ ဆေးရုံကိုသယ်လာတဲ့ ပိုးတွေ့လူနာမှန်း သိသွားတာ။ ဒါနဲ့ ပိုးတွေ့လူနာကို နာရေးလုပ်လို့မရဘူး ဝိုင်းပြောတော့မှ ပိုးတွေ့လူနာသဂြိုလ်သလို ချက်ချင်းသဂြိုလ်တာ။ မသိလို့ ပုံမှန်အတိုင်း နာရေးသာလုပ်လိုက်ရင် မလိုအပ်ဘဲ ကူးကြအုံးမှာ

ဟု  ကျောက်မဲမှ အမည်မဖေါ်လိုသည့် လူမှုကူညီရေးအသင်းသားတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါသေဆုံးသူမှာ COVID 19 သံသယရှိသဖြင့် လူမှုကူညီရေးအသင်းတစ်ခုက ဆေးရုံလိုက်ပို့ပေးခဲ့ပြီး ဆေးရုံ၌စစ်ဆေးပြီးနောက် အတည်ပြုလူနာအဖြစ် ကုသမှုခံယူခဲ့သူဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့နယ်အတွင်း ပိုးတွေ့လူနာများလာသဖြင့် ကုသဆောင်မလုံလောက်မှုဖြစ်ကာ နေအိမ်၌ အသွားအလာကန့်သတ် ကုသစေသူများရှိနေရာ COVID 19 မပျံ့ပွားစေရန် ထိန်းချုပ်နိုင်မှု အားနည်းမှုများစွာရှိနေပြီး COVID 19 လူနာများကို သာမန်သေဆုံးမှု နာရေးပုံစံပြုလုပ်လာပါက ကူးစက်မှုဖြစ်ပွားမည်ကို စိုးရိမ်မှုများလည်း ရှိနေကြသည်။

ကူးစက်ပျံ့ပွားမှုအား ထိန်းချုပ်ရန် စနစ်တကျလုပ်ဆောင်နိုင်ခြင်းမရှိသဖြင့် ပိုးတွေ့လူနာများ၊ သံသယလူနာများကို သယ်ဆောင်ပေးနေသည့် လူမှုကူညီရေးအသင်းများမှ လူနာသယ်ဆောင်ပေးနေသူများ အနေဖြင့်လည်း လူနာသယ်ဆောင်ရာတွင် PPE အဆင့်သတ်မှတ်ချက်အတိုင်း စနစ်တကျ ဝတ်ဆင် သယ်ဆောင်၍ သတိပြုလုပ်ဆောင်ကြရန်ကိုလည်း အဆိုပါ လူမှုကူညီရေးအသင်းဝင်တစ်ဦးက အကြံပြုပြောကြားသည်။

ကျောက်မဲမြို့နယ်အတွင်း ၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၀) ရက်နေ့မှ ဩဂုတ်လ (၁၁) ရက် နံနက်ပိုင်းအထိ COVID 19 ပိုးတွေ့ လူနာ စာရင်းအရ ( ၅၂၀ )ကျော်ရှိသည့်အနက် ဆေးရုံ၌ ကုသစဉ် သေဆုံးသူ (၃၀) ဦးရှိသည်ဟု သိရသော်လည်း မိမိနေအိမ်၌ ကုသရင်းသေဆုံးသူအရေအတွက်ကိုမူ စာရင်းပြုစုထားခြင်းမရှိသည်ကို တွေ့ရသည်။