ကျောက်မဲမြို့တွင် ကိုဗစ် ကာလအတွင်း လိုလျှင်ယူ ပိုလျှင်လှူ အစီအစဉ်ဖြင့် နေ့စဉ်စားနပ်ရိက္ခာ မျှဝေ 

ကျောက်မဲမြို့တွင် ကိုဗစ် ကာလအတွင်း လိုလျှင်ယူ ပိုလျှင်လှူ အစီအစဉ်ဖြင့် နေ့စဉ်စားနပ်ရိက္ခာ မျှဝေ 
ဇူလိုင် 28, 2021 | Covid-19| ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် COVID 19 ကာလအတွင်း ကိုဗစ်ကာလအတွင်း ပြည်သူမှ ပြည်သူသို့ ကူညီထောက်ပံ့သည့်အနေဖြင့် ဇူလိုင်လ ၂၄ ရက်ကစတင်၍ လိုလျှင်ယူ ပိုလျှင်လှူ အစီအစဉ်ဖြင့် စားနပ်ရိက္ခာဝေငှမှုကို COVID 19 မကူးစေရန် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာမှ တန်းစီယူဆောင်နိုင်သည့်စနစ်ဖြင့် နေ့စဉ်မျှဝေပေးနေကြောင်း သိရသည်။

လိုလျှင်ယူ ပိုလျှင်လှူ စားနပ်ရိက္ခါမျှဝေခြင်းကို အမှတ် (၃) ရပ်ကွက် မန်နားရပ်ရှိ ရွှေယုန်မိသားစု ကုန်စုံဆိုင်နေရာ၌ နေ့စဉ် နံနက် (၉)နာရီမှစတင်၍ လာရောက်ယူဆောင်နိုင်မည်ဖြစ်ကာ ပါဝင်လှူဒါန်းလိုသူများအနေဖြင့် အဆိုပါနေရာတွင် ပေးပို့လှူဒါန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

နေ့စဉ် စားနပ်ရိက္ခာမျှဝေမှုအစီအစဉ်တွင် ဆန်၊ ဆီ၊ အသား၊ ဟင်းသီးဟင်းရွက်များကို မျှဝေပေးနေကြပြီး စားနပ်ရိက္ခာလာယူစဉ် COVID 19 ကူးစက်မှုမဖြစ်စေရန် Mask တပ်ဆင်လာကြရန်၊ တန်းစီရာတွင် တစ်ဦးနှင့်တစ်ဦး (၆) ပေအကွာမှ တန်းစီကြရန်၊ အများထိတွေ့ကိုင်တွယ်ထားသည့်အရာများကို ထိမိသည့်လက်ကို ဆပ်ပြာဖြင့် မဆေးကြောဘဲ မျက်နှာကို ထိတွေ့ကိုင်တွယ်မှု မလုပ်ကြရန်ကိုလည်း သတိပေးထားသည်။

ကျောက်မဲမြို့နယ်အတွင်း COVID 19 တတိယလှိုင်းကာလ အတည်ပြုလူနာတွေ့ရှိမှုမှာ ဇူလိုင်လ (၂၈) ရက်နေ့ နံနက်ပိုင်းအထိ စစ်ဆေးနိုင်သည့်လူဦးရေမှ (၃၀၀) ကျော်တွေ့ရသည့်အနက် (၁၃) ဦးသေဆုံးခဲ့ရခြင်းဖြစ်သည်။

အတည်ပြုလူနာတွေ့ရှိမှုများသဖြင့် ကုသဆောင်မလုံမလောက်ဖြစ်ကာ မိမိနေအိမ်တွင် အသွားအလာကန့်သတ်နေထိုင်စေခြင်း၊ ဈေးများ၊ ဆိုင်များကို လူစုလူဝေးမဖြစ်စေရန် အခြေခံစားကုန်မှလွဲ၍ ပိတ်ခိုင်းထားခြင်းတို့ကြောင့် အခက်အခဲဖြစ်နေကြသည့် ပြည်သူများက ပြည်သူမှ ပြည်သူသို့ကူညီခြင်းကို လုပ်ဆောင်နေကြခြင်းဖြစ်သည်။