Covid-19   ကူးစက်ခံထားရသူ (၂၀၀)ကျော်ရှိနေသည့်  ကျောက်မဲမြို့နယ်တွင် အခွန်လွတ်ဈေးနှင့် ပျံကျဈေးများကို ဇူလိုင် (၁၆)ရက်နေ့က စ၍ နှစ်ပတ်အကြာ ယာယီပိတ်မည် 

Covid-19   ကူးစက်ခံထားရသူ (၂၀၀)ကျော်ရှိနေသည့်  ကျောက်မဲမြို့နယ်တွင် အခွန်လွတ်ဈေးနှင့် ပျံကျဈေးများကို ဇူလိုင် (၁၆)ရက်နေ့က စ၍ နှစ်ပတ်အကြာ ယာယီပိတ်မည် 
ဇူလိုင် 15, 2021 | Covid-19| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် Covid-19 ရောဂါပိုး ကူးစက်ပျံ့ပွားမှု လျော့ကျစေရေးအတွက် ယခင်က ပိတ်ထားသည့် ဗဟိုဈေးနှင့်ဆိုင်များအပြင် ကျန်ရှိနေသေးသည့် အခွန်လွတ်ဈေးနှင့် ဘူတာဈေး (ယာယီပျံကျဈေး) တို့ကို ဇူလိုင်လ( ၁၆ )ရက်နေ့ကစပြီး နှစ်ပတ်အကြာ ယာယီပိတ်သွားမည်ဖြစ်ကြောင်း ကျောက်မဲမြို့နယ်စည်ပင်သာယာရေးဌာနက လိုက်လံအသိပေးထားကြောင်း သိရသည်။ 

မနက်က ဘူတာဈေးမှာ စည်ပင်ကလူတွေက လာပြောသွားတယ်၊ ဘူတာဈေးကို (၁၆)ရက်နေ့ကစပြီး နှစ်ပတ် ယာယီ ပိတ်မယ်တဲ့၊ (၈)ကွက်မှာရှိတဲ့ မနက်အစော အခွန်လွတ်ဈေးကိုလဲ ပိတ်မယ်လို့ပြောတယ်

ဟု ဘူတာဈေးတွင် ရောင်းချနေသည့် ဈေးသည်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဇွန်လကုန်ပိုင်းကစ၍ ကျောက်မဲမြို့နယ်အတွင်း Covid-19 ရောဂါပိုးတွေ့ရှိမှု မြင့်တက်လာသည့် အတွက် လူစုလူဝေး ဖြစ်စေနိုင်သည့် ကျောက်မဲဗဟိုဈေးကြီး၊ ဈေးသစ်၊ ညဈေး အပါအဝင် မနက်ခင်းဈေးများ၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များကိုပါ ရောင်းချခွင့်ပိတ်ထားခြင်းဖြစ်ပြီး ထိုစဉ်က အခွန်လွတ်ဈေးနှင့် ဘူတာဈေး(ယာယီပျံကျဈေး) တို့၌ ရောင်းချခွင့်ပေးထားခဲ့ခြင်းဖြစ်သည်။

ယနေ့ ဇူလိုင်( ၁၅ )ရက်နေ့ မွန်းလွဲပိုင်းတွင် ကျောက်မဲမြို့မရဲစခန်းရှိ အချုပ်ခန်းအတွင်းမှ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး၌ Covid-19  ပိုး စစ်ဆေးတွေ့ရှိခဲ့သည့်အတွက် ကျောက်မဲမြို့ပေါ် ရပ်ကွက်များအတွင်းမှ Covid-19 ပိုးတွေ့ရှိသူ စုစုပေါင်း (၁၂၁)ဦးရှိနေပြီး နောင်ပိန်မှ ပိုးတွေ့သူများ အပါအဝင် စုစုပေါင်း (၂၀၄)ဦးအထိ ရှိနေသော်လည်း ကုသမှု ခံယူနေသူများထဲက (၆၂)ဦးမှ ဆေးရုံက ဆင်းခွင့်ရသွားပြီး (၆)ဦးမှာ သေဆုံးကြောင်း သိရသည်။

ရောဂါပိုးတွေ့ရှိသူများပြားလာသည့် အတွက် အရေးပေါ် အောက်ဆီဂျင်လိုအပ်မှု အခက်အခဲ မဖြစ်ပေါ်စေရန် မြို့သူမြို့သားများ စေတနာရှင်များပူးပေါင်း၍ ကျပ်သိန်း တစ်ထောင်ဝန်းကျင်ကုန်ကျမည့် အောက်ဆီဂျင်ဖြည့်တင်းရေးစက်ကြီးကိုလဲ ထားရှိနိုင်ရန် ဆောင်ရွက်နေကြကြောင်း သိရသည်။