COVID 19 တတိယလှိုင်းအတွက် အာဏာသိမ်း စစ်ကောင်စီက ဆရာဝန်များကို ကန်ထရိုက်စနစ်ဖြင့် ခေါ်ယူရန် ပြင်ဆင်

COVID 19 တတိယလှိုင်းအတွက် အာဏာသိမ်း စစ်ကောင်စီက ဆရာဝန်များကို ကန်ထရိုက်စနစ်ဖြင့် ခေါ်ယူရန် ပြင်ဆင်
ဇူလိုင် 10, 2021 | Covid-19

နိုင်ငံ့အာဏာကို သိမ်းလိုက်သဖြင့် ပြည်သူ့ဝန်ထမ်းများ၏ CDM လှုပ်ရှားမှုကို  ရင်ဆိုင်နေရသည့် အာဏာသိမ်းစစ်ကောင်စီသည် COVID 19 တတိယလှိုင်းကိုပါ ဖြေရှင်းရမည့် တာဝန်ရှိနေသည့်အတွက် အာဏာသိမ်းစစ်ကောင်စီက ဆရာဝန်များကို ကန်ထရိုက်စနစ်ဖြင့်ခေါ်မည်ဟု ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၉) ရက်နေ့တွင် ထုတ်ဖေါ်ပြောကြားလိုက်ပြီးနောက် ယနေ့ ဇူလိုင်လ(၁၀)ရက်နေ့တွင် လျှောက်လွှာများ ပြင်ဆင်နေကြောင်း သိရသည်။

COVID 19 ဒုတိယလှိုင်းအား ထိန်းချုပ်ကုသနေရဆဲကာလအတွင်း ဖေဖေါ်ဝါရီလ (၁) ရက်နေ့၌ စစ်တပ်က နိုင်ငံ့အာဏာကို လက်နက်များဖြင့် ခြိမ်းခြောက်ပြီး သိမ်းလိုက်ပြီးနောက် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များအားလုံး ရပ်ဆိုင်းသွားခဲ့ရပြီးနောက်တွင် COVID 19 တတိယလှိုင်းကို ရင်ဆိုင်နေရပြီဖြစ်သည်။

 ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပတ်သက်ပြီးတော့ လက်ရှိ နိုင်ငံရေးအခြေအနေအရ တချို့နေရာတွေမှာ အခက်အခဲရှိတာကို ကျွန်တော်တို့ တွေ့ပါတယ်။ အဲဒီတော့ ဘာပဲပြောပြော ဖြန့်လို့ရတဲ့သူတွေကို ကျွန်တော်တို့က Distribution  ပြန်လုပ်မှာပေါ့။ များတဲ့နေရာကနေပြီးတော့ နည်းတဲ့နေရာကို၊ မရှိတဲ့နေရာကို သွားဖို့  ဟာ တစ်ခုရှိမယ်။ နောက်တစ်ခုက အဲဒီလိုမှ မရဘူးဆိုလို့ရှိရင် ကျွန်တော်တို့က ဆရာဝန်တွေကို ကန်ထရိုက်စနစ်နဲ့ ခန့်ထားဖို့လည်း စီမံပေးထားတာ၊ မှာထားတာ ရှိပါတယ်။ ဒါလည်း ဆက်လက်အကောင်အထည်ဖော်ဖို့ လိုပါလိမ့်မယ်။

ဟု အာဏာသိမ်းစစ်ကောင်စီ ဥက္ကဌ က COVID 19 တတိယလှိုင်းအား ကိုင်တွယ်ဖြေရှင်းမည့်အခြေအနေကို ဇူလိုင်လ(၉)ရက်နေ့ကကျင်းပသည့် အစည်းအဝေးတွင် ပြောသွားခြင်းဖြစ်သည်။

လက်ရှိအချိန်ထိ COVID 19 လူနာတွေ့ရှိမှုမှာ ပထမလှိုင်းနှင့် ဒုတိယလှိုင်းကထက် များနေပြီး ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို အာဏာသိမ်းအဖွဲ့အနေဖြင့် ထိရောက်စွာလုပ်ဆောင်နိုင်ခြင်းမရှိဘဲဖြစ်နေသည်ကို တွေ့ရသည့်အပြင် အဆိုပါ လုပ်ငန်းများ အတွက် ဘတ်ဂျက်သတ်မှတ်ထားခြင်းလည်း မရှိကြောင်း အာဏာသိမ်းအဖွဲ့ခေါင်းဆောင်က  ပြောသွားသည်။

အာဏာသိမ်းအဖွဲ့က စစ်အာဏာသိမ်းမှုကို လက်မခံသူများအား အကြမ်းဖက်နှိမ်နှင်းရာတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူများ၊ လူနာတင်ယာဉ်များပါမကျန် အကြမ်းဖက်မှုများလုပ်ဆောင်ခဲ့သည့်အပြင် ကျန်းမာရေးဝန်ထမ်းများ CDM လုပ်ပါက ပြည်သူများအနေဖြင့် စစ်ဆေးရုံများသို့ လာရောက်ကုသမှုခံယူနိုင်သည်ဟု ဖေဖေါ်ဝါရီလအတွင်းက စစ်တပ်ပိုင်မီဒီယာမှတစ်ဆင့် ကြေညာခြင်းကိုလည်း လုပ်ခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် အရပ်သားအစိုးရလက်ထက်က COVID 19 ပထမလှိုင်းနှင့် ဒုတိယလှိုင်းအား ဖြေရှင်းစဉ်ကာလများအတွင်း စစ်တပ်အနေဖြင့် သီးခြားစစ်ဆေးမှုများ၊ ကုသမှုများလုပ်နေသည့်အပြင် လိုအပ်ပါက စစ်တပ်ကစက်များကိုပါ ကူညီရန်အသင့်ရှိသည်ဟု သတင်းမီဒီယာများသို့ပါ ဖြေကြားထားခဲ့သော်လည်း COVID 19 တတိယလှိုင်း၌ တကယ့် အခက်အခဲများနှင့် ရင်ဆိုင်လာရသည့် အချိန်တွင် ယခင်က ပြောကြားခဲ့သလိုတွေမဟုတ်တော့ဘဲ ဆရာဝန်များကို ကန်ထရိုက်စနစ်ဖြင့်ခန့်ရန် ကြိုးစားနေသည်ကို တွေ့ရသည်။