ဟိုပုံးမြို့ရှိ အာဏာသိမ်းစစ်ကောင်စီ၏ တကန တပ်အတွင်း Covid-19 ကူးစက်မှုကြောင့်  တပ်တွင်းနေ ကျောင်းသားများနှင့် ဆရာမများကို အပြင်ထွက်ခွင့် ပိတ်ပင်ထားဟုဆို

ဟိုပုံးမြို့ရှိ အာဏာသိမ်းစစ်ကောင်စီ၏ တကန တပ်အတွင်း Covid-19 ကူးစက်မှုကြောင့်  တပ်တွင်းနေ ကျောင်းသားများနှင့် ဆရာမများကို အပြင်ထွက်ခွင့် ပိတ်ပင်ထားဟုဆို
ဇူလိုင် 8, 2021 | Covid-19| ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ရှိ  တပ်မတော် ကွန်ပျူတာနှင့် နည်းပညာသိပ္ပံတပ်(တကန)တွင် တပ်တွင်းဖြစ်ပွားနေသည့် Covid-19 အခြေအနေကြောင့် တပ်တွင်းနေ ကျောင်းသားများနှင့်ဆရာမများကို အပြင်ထွက်ခွင့် (၂)ပတ် ပိတ်ထားပြီး တပ်တွင်းသတင်း အပြင်ပေါက်ကြားပါက အရေးယူမည်ဟု သတိပေးထားကြောင်း သိရသည်။

တပ်တွင်းသတင်းကို လုံးဝမထုတ်ပြန်ဖို့ လုံးဝကို တင်းကြပ်ထားတယ်၊ အပြင်ကို တစွန်းတစလေးတောင် မဟမိစေဖို့ပေါ့။ သတင်းပေါက်ကြားတာနဲ့ အရေးယူခံရမယ်ဆိုပြီး တပ်တွင်းအခြေအနေနဲ့ ကိုဗစ် အခြေအနေကို မြို့တွင်းမှာ မပေါက်ကြားမိအောင် အသိပေးထားတယ်။ ခန့်မှန်းချေကတော့ တပ်ထဲမှာ ကူးစက်မှုက တော်တော်များနေတယ်။ ဘယ်လောက်ဖုံးကွယ်လဲဆိုရင် တပ်တွင်း သတင်းတောင် အချင်းချင်း အမှန်မသိရတဲ့ အခြေအနေ ဖြစ်နေတယ်။ အဲ့တပ်ထဲကနေ အပြင်မှာ စာသင်တဲ့ ကျောင်းသားတွေရယ်  ဆရာမတွေကို နှစ်ပတ် အပြင်မထွက်ရဘူးလို့ တားမြစ်ထားတယ်။ ကျန်တဲ့ အရာရှိတွေကတော့ ခိုးထွက်နေတယ်လို့ သိရတယ်။ မျက်နှာရင်းနှီးနေတဲ့လူတွေကတော့ ခိုးထွက်နေတာတွေ့တယ်တဲ့။

ဟု ဟိုပုံးဒေသခံ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ(၈)ရက်နေ့တွင် ပြောသည်။

တပ်မတော် ကွန်ပျူတာနှင့် နည်းပညာသိပ္ပံတပ်(တကန)တွင်းမှ ကျောင်းသားများ ကျောင်းတက်ခဲ့သည့် အမှတ်(၃)အခြေခံပညာမူလတန်းလွန်ကျောင်းတွင်လည်း ကျောင်းအုပ်၏ သမီးအပါအဝင် ကျောင်းသားအချို့၌ Covid-19 ပိုးတွေ့၍ အဆိုပါ ကျောင်းကို ယနေ့ ဇူလိုင်လ(၈)ရက်နေ့ နေ့လည်ပိုင်းက ရုတ်တရက်ပိတ်ထားလိုက်ရသော်လည်း အခြားကျောင်းများကိုတော့ ဆက်လက် ဖွင့်ထားကြောင်း ဒေသခံများထံက သိရသည်။

တပ်တွင်းထဲကမှာ ဒုအရာခံလည်း ကိုဗစ်ဖြစ်လို့ စိုးရိမ်ရတယ်လို့ ကြားတယ်။ အပြင်မှာတော့ ဈေးထဲမှာလည်း သူတို့တပ်က ကိုဗစ်ဖြစ်နေတယ်ဆိုတာ သတင်းအမှားပါဆိုပြီး လျှောက်ပြောနေတာလည်း ကြားရတယ်။ သေချာတာကတော့ တပ်ထဲက ကလေးတွေနဲ့ ဆရာမတွေ Lockdown မိထားပြီ။ တပ်က ဟိုပုံးပြည်သူတွေကို စေတနာထားရင် ပွင့်လင်းမြင်သာစွာနဲ့ အသိပေးရင်ကောင်းမယ်။ ကူးစက်မှုမြင့်တက်နေရင် မြို့ထဲမှာလည်း သတိပြုစရာနဲ့ ရှောင်ရှားစရာတွေ စီစဉ်ရတာတော့ အခုတော့ တပ်က ခိုးထွက်တွေလည်းရှိနေတော့ ခက်တယ်ဗျာ

ဟု ဟိုပုံးဒေသခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

စစ်တပ်သည် သီးခြားရပ်တည်သလိုနှင့် ပြည်သူ့အခွန်အခများဖြစ်သည့် နိုင်ငံတော်ဘဏ္ဍာထဲက ထုတ်ယူသုံးစွဲနေသော်လည်း ပြည်သူ့ မျက်နှာမမူဘဲ ပြည်သူနှင့်အလှမ်းဝေးသည့် လုပ်ရပ်များကို လုပ်ဆောင်သည်မှာ သတင်းထိန်ချုပ်မှုများ သတင်းထိန်ချန်မှုများအထိ ပင်ဖြစ်ကြောင်း ဟိုပုံးဒေသခံအချို့က ဆိုသည်။

အရင်ကတည်းက။ တပ် ကိုဗစ် သတင်းကို ပြည်နယ်ကျန်းမာရေးတောင် သိခွင့် မရဘူး၊ အခုတော့ ပို ဆိုးတာပေါ့

ဟု ဒေသခံ တစ်ဦးက ပြောသည်။

စစ်တပ်က Covid-19 နှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုမရှိခြင်း ပိတ်ပင်ထားခြင်းကြောင့် ဒေသတွင်း မလိုအပ်သည်များ ဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်နေကြပြီး ကျောင်းများ ဆက်လက်ဖွင့်လှစ်ထားသည့်အတွက် ကလေးငယ်များအထိ ကူးစက်မည်ကို စိုးရိမ်နေကြကြောင်း သိရသည်။