လွိုင်ကော်မြို့တွင် နေမကောင်း၍ ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားသည့် အမျိုးသားတွင် Covid-19 ပိုးတွေ့

Photo: ရွှေလွိုင်ကော်ပရဟိတအသင်း
Photo: ရွှေလွိုင်ကော်ပရဟိတအသင်း
လွိုင်ကော်မြို့တွင် နေမကောင်း၍ ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားသည့် အမျိုးသားတွင် Covid-19 ပိုးတွေ့
ဇူလိုင် 7, 2021 | Covid-19| ကယား

 ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့တွင် ဇူလိုင်လ(၆)ရက်နေ့ ညပိုင်းက နေမကောင်းဖြစ်နေသော လူနာအမျိုးသား တစ်ဦးအား ဆေးရုံသို့ ပို့ဆောင်စဥ် သေဆုံးသွားခဲ့ပြီး စစ်ဆေးချက်အရ သေဆုံးသူတွင် Covud-19 စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။ 

ဇူလိုင်လ(၆)ရက်နေ့ ညပိုင်းက လွိုင်ကော်မြို့၊ လောဓမ္မရပ်ကွက် သီရိမင်္ဂလာဈေးရှေ့တွင် နေထိုင်သူ အမျိုးသားတစ်ဦးမှာ နေမကောင်းဖြစ်ကာ အောက်စီဂျင် ကျနေ၍ ရွှေလွိုင်ကော်ပရဟိတ အသင်းမှ သွားရောက် ခေါ်ဆောင်၍ ဆေးရုံသို့ ပို့ဆောင်စဥ် လမ်း၌  သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

 သေဆုံးသွားသူ အမျိုးသား၏ ရုပ်အလောင်းအား လွိုင်ကော်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံတွင်ထားရှိကာ ဇွန်လ (၇)ရက်နေ့ မနက်ပိုင်းတွင် စစ်ဆေးချက်အရ Covid-19 ပိုး တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

ဒီမနက်မှာ ဈေးရှေ့က ကုန်မာဆိုင်တစ်ခုမှာ ကိုဗစ်သံသယ လို့ ယူဆရတဲ့ လူတွေကို ရွှေလွိုင်ကော်အဖွဲ့ရဲ့ ကားတွေနဲ့ လာခေါ်နေတာ တွေ့ရတယ်။ ကျွန်တော် သိရသလောက်တော့ အဲ့ဆိုင်က မိသားစုဝင် တစ်ယောက်က ကိုဗစ်နဲ့ သေဆုံးလို့ သံသယ လူနာတွေ အဖြစ် မိသားစုကို လာခေါ်တာလို့ သိရပါတယ်။

ဟု မျက်မြင်တွေ့ရှိသူ လောဓမ္မ ရပ်ကွက်မှ ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 

သေဆုံး၍ Covid ပိုးတွေ့ရှိသူ အမျိုးသားမှာ ခရီးသွားရာဇဝင်ရှိဖူးပြီး နေမကောင်းဖြစ်နေသည်မှာ ရက်အနည်းငယ် ကြာနေပြီဖြစ်ကြောင်း သိရပြီး ၎င်းနှင့် ဆက်စပ်ထိတွေ့မိသည့် မိသားစုဝင်များအား Quarantine ထားရှိပြီး စစ်ဆေးနိုင်ရန် လုပ်ဆောင်နေကြောင်း သိရသည်။