တန့်ယန်းမြို့ရှိ တာကော်အက် တံတားတွင် တာဝန်ကျသည့် ဝန်ထမ်းများအနက် (၇)ဦးတွင် Covid-19 ပိုးတွေ့ 

တန့်ယန်းမြို့ရှိ တာကော်အက် တံတားတွင် တာဝန်ကျသည့် ဝန်ထမ်းများအနက် (၇)ဦးတွင် Covid-19 ပိုးတွေ့ 
ဇူလိုင် 3, 2021 | Covid-19| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ်၊ ဝိန်းမိုင်ကျေးရွာအုပ်စု၊ တာကော်အက်ကျေးရွာ တန့်ယန်း - ပန်ဆန်းသွားလမ်းရှိ တာကော်အက်တံတားတွင် တာဝန်ကျသူ ဝန်ထမ်း (၇)ဦးထံမှ ဇူလိုင်လ(၂)ရက်နေ့က Covid-19 ပိုးတွေ့ရှိထားကြောင်း သိရသည်။ 

မနေ့က နေ့လည်ပိုင်းမှာ ဌာနဆိုင်ရာထဲက (၇)ဦး ပိုးတွေ့တယ်။ ရဲခန်းမှာ Q ဝင်တဲ့ (၁၁)ယောက်ကို စစ်တာ (၇)ယောက်ထွက်တယ်။ အဲ့ဒီ(၇)ယောက်က တန့်ယန်းရဲ့ အရှေ့ဘက် တာကော်အက်တံတားမှာ တာဝန်ကျတဲ့အဖွဲ့ပါ။ သူတိုတို့က ဘာလို့ Q ဝင်ပြီး ပိုးတွေ့လည်းဆိုတော့ တာကော်အက်တံတားမှာ ကျတဲ့ ရဲဝန်ထမ်းတစ်ယောက်က လားရှိုးကို တာဝန်နဲ့တွဲ့ဖက်ခဏ သွားရမယ်။ အဲ့တော့ ဟိုရောက်တော့ အလုပ်ဝင်ရမယ်ဆိုတော့ သူ့ကို ကိုဗစ် ရှိ မရှိ စစ်လိုက်တာ စစ်တော့ သူ့မှာ ပိုးတွေ့တာ။ ပိုးတွေ့တော့ သူနဲ့ အတူ တာဝန်ကျခဲ့တဲ့ တာကော်အက်တံတားက ဝန်ထမ်း(၁၁)ဦး  Q ဝင်လိုက်ရတယ်။၊ မနေ့က နေ့လည်က သူတို့ကို စစ်တဲ့အခါမှာ ပိုးတွေ့တာ (၇)ယောက်ထွက်တယ်။

 

ဟုတန့်ယန်းဒေသခံ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ(၃)ရက်နေ့တွင် ပြောသည်။

အဆိုပါ (၇)ဦးတွင် ရဲ၊ မှုးယစ်၊ လူကုန်တား နှင့် သတင်းရဲတပ်ဖွဲ့(SB)တို့ ပါဝင်ကြောင်း သိရသည်။

တန့်ယန်းမြို့တွင် ယနေ့ ဇူလိုင်လ(၃)ရက်နေ့၏ စစ်ဆေးချက်များအရ ပိုးတွေ့ (၈)ဦး ထပ်တိုးကြောင်းလည်း သိရသည်။

တန့်ယန်းမြို့တွင် Covid-19 အတည်ပြုလူနာ စုစုပေါင်း (၄၀)နီးပါးအထိ ရှိနေပြီး ယနေ့တွင် သေဆုံးသူ ပိုးတွေ့(၁)ဦး နှင့် သံသယလူနာ(၁)ဦး သေဆုံး၍ သေဆုံးသူ စုစုပေါင်း (၅)ဦးအထိ ရှိနေကြောင်းလည်း သိရသည်။

#TachileikNewsAgency