အာဏာသိမ်းစစ်ကောင်စီ၏ သက်တမ်း(၅)လ  ကာလအတွင်း ပြည်ထောင်စုကြီး အေးချမ်းတည်ငြိမ်မဲ့ ကင်းမဲ့နေကြောင်း  ဗိုလ်ချုပ်ကြီး ယွက်စစ် ဆို

  PPST ၏ ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် [ Photo: PPST ]
PPST ၏ ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် [ Photo: PPST ]
အာဏာသိမ်းစစ်ကောင်စီ၏ သက်တမ်း(၅)လ  ကာလအတွင်း ပြည်ထောင်စုကြီး အေးချမ်းတည်ငြိမ်မဲ့ ကင်းမဲ့နေကြောင်း  ဗိုလ်ချုပ်ကြီး ယွက်စစ် ဆို
ဇူလိုင် 1, 2021 | နိုင်ငံရေး

 လူထုအစိုးရထံက  နိုင်ငံ့အာဏာကို စစ်တပ်က အကြမ်းဖက်နည်းဖြင့် သိမ်းထားသည့် (၅)လ သက်တမ်းကာလအတွင်း ပြည်ထောင်စုကြီး အေးချမ်းတည်ငြိမ်မှု ကင်မဲ့နေပြီး တိုင်းရင်းသား ပြည်သူလူထုအားလုံး ဒုက္ခရောက်စေခဲ့ကြောင်း PPST ၏ ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စ်က ပြောကြားလိုက်သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)၏ အစည်းအဝေးအား အွန်လိုင်းစနစ်ဖြင့် ယနေ့ ၂၀၂၁ခုနှစ် ဇူလိုင်လ(၁)ရက်နေ့တွင် ပြုလုပ်စဉ် အဖွင့်မိန့်ခွန်း၌ ထည့်သွင်းပြောကြားလိုက်ခြင်း ဖြစ်သည်။

ပြည်သူများ ကျီးလန့်စာ သားနေရသည့် ဘဝမျိုးကို တွန်းပို့နေခြင်း ဖြစ်သည့်အတွက် ပြည်သူလူထုတို့၏ လူနေမှုဘဝ အခြေအနေ ပုံမှန်ပြန်ဖြစ်ရေး PPST အနေဖြင့် နည်းလမ်းရှာပြီး ဖြေရှင်းပေးရမည်ဖြစ်ကြောင်း ဆိုသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း ရှမ်းတိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အချင်းချင်း စစ်ရေးပွတ်တိုက်မှုများသည် နောက်ကွယ်ကနေ အဖွဲ့အစည်းအချို့ နိုင်ငံရေးအရ ပါဝင်ပတ်သက်နေသည့်အတွက် ပွတ်တိုက်မှုများသည် ပိုမိုကျယ်ပြန့် ကြီးမားလာနိုင်ပြီး တစ်နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးကိုပါ ရိုက်ခတ်လာစေနိုင်သည်ကို သတိပြုစေလိုကြောင်းလည်း ထည့်သွင်းပြောကြားသွားသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)၏ အစည်းအဝေးအား  Video Conferencing စနစ်ဖြင့် ဇူလိုင်လ(၂)ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ကို လက်မှတ်ရေး ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ (NCA-S EAO)တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသားအစည်းအရုံး /ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(ငြိမ်းချမ်းရေးကောင်စီ) (KNU/ KNLA PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/ SSA)၊ မွန်ပြည်သစ်ပါတီ (NMSP)နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)တို့ ပါ၀င် ကြောင်း သိရသည်။

#TachileikNewsAgency