ကျောက်မဲမြို့တွင် ဆက်သွယ်ရေးကြိုးတိုင်များ စိုက်ထူရန်အတွက်  ပြည်သူပိုင် ပလက်ဖောင်းပေါ် အပေါက်ဖောက်ထားမှုများ နှင့် လုပ်ဆောင်နေမှုများမှာ ဒေသခံများအတွက် အဆင်မပြေဖြစ်နေ

ကျောက်မဲမြို့တွင် ဆက်သွယ်ရေးကြိုးတိုင်များ စိုက်ထူရန်အတွက်  ပြည်သူပိုင် ပလက်ဖောင်းပေါ် အပေါက်ဖောက်ထားမှုများ နှင့် လုပ်ဆောင်နေမှုများမှာ ဒေသခံများအတွက် အဆင်မပြေဖြစ်နေ
ဇွန် 27, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲမြို့တွင် ဆက်သွယ်ရေးတိုင်များ စိုက်ရန်အတွက်ဟုဆိုကာ  ပင်လုံလမ်းမကြီးတလျှောက်ရှိ လူသွားလမ်း ပလက်ဖောင်းများပေါ် ယနေ့ ဇွန်လ(၂၇)ရက်နေ့တွင် အပေါက်များ လိုက်ဖေါက်ထားသည့်အတွက် မြေစာပုံများ၊ တွင်းပေါက်များကြောင့် အများပြည်သူ သွားလာရ ခက်ခဲနေသည်ဟု သိရသည်။

အဆိုပါ ပလက်ဖောင်းများကို ၂၀၁၈ ခုနှစ်က စည်ပင်သာယာရေး၏ ဘတ်ဂျက်များဖြင့် အကုန်ကျခံ၍ ပြုပြင်ထားခြင်း ဖြစ်ပြီး လူသွားလမ်းပလက်ဖောင်းဟုဆိုသော်လည်း ပလက်ဖောင်းပေါ်တွင်  ဆက်သွယ်ရေး တိုင်များရှိနှင့်ထားပြီးဖြစ်သည့်အတွက် ထိုစဉ်ကတည်းက ကောင်းစွာသွားလာ၍ မရခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အဆိုပါပလက်ဖောင်းများပေါ်၌ နောက်ထပ် တွင်းပေါက်များ ထပ်မံဖေါက်လုပ်နေသည့်အပြင် တွင်းဖောက်ရာမှ ထွက်လာသည့် မြေစာပုံများကို  ရှင်းလင်းမှုမရှိဘဲ ဒီအတိုင်းထား ထားသည်ကို မြင်တွေ့ရကြောင်း သိရသည်။

ကျောက်မဲတွင် ပလက်ဖောင်းများ တိုးချဲ့ဖေါက်လုပ်ခြင်း၊ ရေနုတ်မြောင်းများ ချဲ့ထွင်ပြင်ဆင်ခြင်းတို့ လုပ်ဆောင်နေသော်လည်း အနည်းငယ်မိုးရွာသည်နှင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေပြီး ယခင်ကာလများထက်ပင် ပို၍ ရေကြီးရေလျှံလာသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည့်အတွက် (၃၈)နှစ်အတွင်း မိုးရေချိန် စံချိန်သစ်ပင် တင်ထားသည့် ဖြစ်စဉ်ရှိခဲ့သည်။

အခြားမြို့များတွင် ပလက်ဖောင်းများပေါ်တွင် တိုင်စိုက်ခြင်း အပေါက်ဖောက်ခြင်းများရမရှိသော်လည်း ကျောက်မဲမြို့တွင်ရှိနေ၍ လူသွားလမ်းများပေါ် တိုင်များစိုက်ခြင်းမှာ ပြည်သူများပေးဆောင်ထားသည့် ဘဏ္ဍာငွေများအား ဖြုန်းတီးရာ ရောက်သည့်အပြင် ပလက်ဖောင်းပေါ်၌ တိုင်များရှိနေခြင်းသည် သွားလာရန် ခက်ခဲစေသည့် အတွက် ပလက်ဖောင်း ပြုလုပ်သည့် ဌာနနှင့် တိုင်များလိုက်စိုက်သည့် ဌာနတို့ ပူးပေါင်းညှိနှိုင်းကာ အခြားနည်းလမ်းအသုံးပြုပြီး တိုင်များအား စိုက်စေလိုကြောင်း မြို့ခံတို့ကအကြံပြုကြသည်။

#TachileikNewsAgency

Photo: CJ