Stay at Home မသတ်မှတ်သည့်မြို့နယ်များတွင် quarantine ထားသည့်ရက် လျှော့ချ

Stay at Home မသတ်မှတ်သည့်မြို့နယ်များတွင် quarantine ထားသည့်ရက် လျှော့ချ
ဒီဇင်ဘာ 25, 2020 | Covid-19

Stay at Home မသတ်မှတ်သည့်မြို့နယ်များတွင် COVID 19 စစ်ဆေးရန် အသွားအလာ ကန့်သတ်ခြင်းကို ယခင် (၂၁) ရက် သတ်မှတ်ထားရာမှ (၁၇) ရက်သို့ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၂၁)ရက်နေ့မှစ၍ လျှော့ချလိုက်ပြီး သံသယလက္ခဏာမပြပါက RDT test kit ဖြင့်စစ်ဆေးတော့မည် ဖြစ်သည်။

ယခင်က facility quarantine (၁၄)ရက်နှင့် home quarantine (၇)ရက် သတ်မှတ်ထားရာမှ facility quarantine (၁၀)ရက်နှင့် home quarantine (၇) ရက်သို့ လျှော့ချသတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ 

နောက်ဆုံးထွက်တဲ့ညွှန်ကြားချက်အရ အရင်ကလို (၃) ပတ်မဟုတ်တော့ဘူး။ စာထွက်တဲ့ (၂၁) ရက်နေ့ကစပြီး quarantine ဝင်တဲ့သူတွေ အကျုံးဝင်မှာပေါ့။ လေကြောင်းနဲ့လာတဲ့သူတွေကတော့ (၃) ရက်နေရင် PCR စစ်မယ်။ (၇)ရက်နေမယ်ဆို RDT စစ်မယ်ပေါ့နော်။ မပြောင်းပါဘူး။ ကျန်တဲ့ quarantine တွေပဲ ပြောင်းတာပါ

ဟု ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရှမ်းပြည်နယ်အရှေ့ပိုင်း ဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ဒီဇင်ဘာလ (၂၅)ရက်နေ့တွင် ပြောသည်။

ညွှန်ကြားချက်အသစ်အရ COVID 19 ဒေသတွင်းကူးစက်မှုများပြား၍ stay at home သတ်မှတ်ထားသည့် မြို့နယ်များမှအပ ကျန်မြို့နယ်များတွင် ပြည်ပမှပြန်လာသူများ၊ stay at home သတ်မှတ်ဒေသများမှ လာသူများ၊ အတည်ပြုလူနာနှင့် ထိတွေ့သူများအား COVID 19 စစ်ဆေးရန် facility quarantine စင်တာများတွင် အသွားအလာကန့်သတ်ခြင်းအား ယခင်က (၁၄) ရက်သတ်မှတ်ထားရာမှ (၁၀) ရက်သို့ လျှော့ချသတ်မှတ်လိုက်ပြီဖြစ်သည်။

Facility quarantine စင်တာများတွင် အသွားအလာကန့်သတ်ထားသူများအား quarantine ဝင်သည့် (၃) ရက်မြောက်နေ့၌ RDT test kit ဖြင့် စစ်ဆေးမည်ဖြစ်ပြီး ဒုတိယအကြိမ်အဖြစ် (၁၀) ရက်မြောက်နေ့တွင် RDT test kit ဖြင့် စစ်ဆေးပေးမည်ဖြစ်ကြောင်း သိရသည်။

အသွားအလာကန့်သတ်ထားစဉ်ကာလအတွင်း သံသယဖြစ်ဖွယ်လက္ခဏာများတွေ့ရပါက PCR ဖြင့် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

Facility quarantine စင်တာများ၌ အသွားအလာကန့်သတ်သည့်ရက်ကို (၁၀)ရက်သို့ လျှော့ချလိုက်သော်လည်း နေအိမ် quarantine (၇) ရက် ဆက်လက်နေထိုင်ရန် သတ်မှတ်ထားသည်။

Tachileik News Agency

သတင်း - ချယ်ရီထိုက် 

 

ချယ်ရီထိုက် (အင်မိုင်ခ)သည် Tachileik News Agency ၏ စီမံခန့်ခွဲမှုအယ်ဒီတာချုပ်ဖြစ်သည်။