နောင်ချိုမြို့တွင် (၂)ရက်အတွင်း Covid-19 အတည်ပြုလူနာ (၅)ဦး တွေ့ရှိ

နောင်ချိုမြို့တွင် (၂)ရက်အတွင်း Covid-19 အတည်ပြုလူနာ (၅)ဦး တွေ့ရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)နောင်ချိုမြို့တွင် ၂၀၂၁ခုနှစ် ဇွန်လ (၂၀)ရက်နေ့အထိ (၂)ရက်အတွင်း Covid-19 ရောဂါပိုး တွေ့ရှိသူ (၅)ဦးရှိနေပြီဖြစ်ပြီး ရောဂါပိုးတွေ့ရှိသူများသည် လက်တလောအတွင်း ခရီးသွားရာဇဝင်မရှိထားပဲ နောင်ချိုမြို့နေ ဒေသခံများသာ ဖြစ်ကြောင်း သိရသည်။

ဇွန်လ (၁၉)ရက်နေ့က Covid-19 ရောဂါပိုးတွေ့ရှိသူ (၃)ဦးစတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဇွန်လ (၂၀)ရက်နေ့တွင် အနံ့ပျောက်နေ၍ နောင်ချိုပြည်သူ့ဆေးရုံသို့လာပြသူ (၂)ဦးထံ၌ Covid-19 ပိုးထပ်တွေ့ခဲ့ခြင်းဖြစ်သည့်အတွက် လက်ရှိတွင် နောင်ချို ပြည်သူ့ဆေးရုံ၏ သီးသန့်ဆောင်တွင် Covid-19 ပိုးတွေ့လူနာ (၅)ဦးရှိထားပြီ ဖြစ်သည်။

ပိုးတွေ့သူများနှင့် ဆက်စပ်၍ ထိစပ်သူ Contact များကိုလဲ လိုက်လံရှာဖွေနေပြီဖြစ်ပြီး တို့ဖတ်ရယူစစ်ဆေးရန် ကျန်ရှိနေသူများလဲရှိသေးသည့်အတွက် မြို့အတွင်း သွားလာနေထိုင်နေသူများအနေဖြင့် Covid-19 ရောဂါကာကွယ်ရေး နည်းလမ်းများ အသုံးပြုကြရန် လူမှုကူညီရေးအသင်းများက တိုက်တွန်းထားသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် Covid-19 ပိုးတွေ့လူနာ (၁၂၁)ဦး၊ သီပေါမြို့တွင် (၁)ဦး၊ နမ့်လန်မြို့တွင် (၈)ဦး( ကုသနေစဉ် ၂ ဦးသေဆုံး)၊ မိုင်းရယ်မြို့တွင် (၂)ဦး၊ နမ္မတူမြို့တွင် (၃)ဦး နှင့် နောင်ချိုမြို့တွင် (၅)ဦးရှိနေခြင်း ဖြစ်ပြီး ပိုးတွေ့လူနာ အများဆုံးဖြစ်ထားသည့် လားရှိုးမြို့တွင် ဈေးများ၊ ဈေးတန်းများကို ယာယီပိတ်ထားပြီး (မြို့မဈေးကြီးကို ဆိုင်ခန်းများ အလှည့်ကျတစ်ရက်စီဖွင့်ခိုင်းထား) စည်ပင်နယ်နိမိတ်အတွင်းရှိ လက်ဖက်ရည်ဆိုင် စားသောက်ဆိုင်များကို ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် ဇွန်လ(၂၀)ရက်နေ့ကစ၍ ပြောင်းလဲသတ်မှတ်ထားသည်။