တာချီလိတ်မြို့ရှိ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း အချို့တွင် စစ်တပ်က တပ်စွဲထား

တာချီလိတ်မြို့ရှိ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း အချို့တွင် စစ်တပ်က တပ်စွဲထား
ဇွန် 13, 2021 | ရှမ်းရှေ့

တာချီလိတ်မြို့ရှိ အချို့ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းများတွင် လက်နက်များကိုင်ဆောင်ထားသည့် စစ်သားများက ယနေ့ ဇွန်လ(၁၃)ရက်နေ့က စ၍ တပ်စွဲထားကြောင်း သိရသည်။

ပါလျှံ (၂)ထဲက အာခါဗုဒ္ဓကျောင်းထဲမှာ စစ်သားတွေ စခန်းချတည်းခိုနေကြတယ်။ ဒီညနေမှာ ကိုယ်တိုင်တွေ့ခဲ့ပါတယ်။ ဘယ်တပ်က အင်အားဘယ်လောက်တော့မသိပါ။

ဟု မြင်တွေ့ခဲ့ရသူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အလားတူပင် ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဝမ်မိုင်ရွာအတွင်းရှိ ဘုန်းကြီးကျောင်းတွင်လည်း စစ်တပ်က လာရောက်၍ ယနေ့ ညနေပိုင်းကစပြီး စခန်းချနေထိုင်နေကြောင်း သိရသည်။

စစ်သားတွေ အယောက်(၃၀)လောက်ရှိတယ်။ ဝမ်မိုင်ထဲမှာ ပတ်မယ်လို့တော့ အသံတွေကြားနေရတယ်

ဟု ဝမ်မိုင်ရွာတွင်နေထိုင်သူ တစ်ဦးက ပြောသည်။

ယင်းအပြင် အခြားဘုန်းကြီးကျောင်းများတွင်လည်း စစ်တပ်က ဝင်ရောက်နေထိုင်နေကြောင်းလည်း သိရသည်။

တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးကို ဖောက်ခွဲပစ်ခတ်ခံရပြီးနောက်ပိုင်းတွင် တာချီလိတ်မြို့တွင်း လုံခြုံရေးတင်ကြပ်ထားလိုက်ပြီး စစ်ဆေးမှုများကို ပြုလုပ်နေသည့်အပြင် ယနေ့ ဇွန်လ(၁၃)ရက်နေ့ နေ့လည်ပိုင်းအထိ လူငယ် အနည်းဆုံး (၉)ဦးအထက် ဖမ်းဆီးခံထားရသည်။