ကျောက်မဲမြို့တွင် ရဲများက အရပ်ဝတ်ဖြင့် KTV တွင် မူးယစ်ရမ်းကားမှုများ ဖြစ်ပွားခဲ့ပြီးနောက် မြို့မရဲစခန်းရှေ့ လမ်းမကြီးကို ညစဉ် လမ်းအပြည့် ပိတ်ထား

ကျောက်မဲမြို့တွင် ရဲများက အရပ်ဝတ်ဖြင့် KTV တွင် မူးယစ်ရမ်းကားမှုများ ဖြစ်ပွားခဲ့ပြီးနောက် မြို့မရဲစခန်းရှေ့ လမ်းမကြီးကို ညစဉ် လမ်းအပြည့် ပိတ်ထား
ဇွန် 11, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ရှိ KTV ဆိုင်တစ်ဆိုင်တွင်  အရပ်ဝတ်ဖြင့် မူးယစ်ဆူပူရမ်းကားသည့် ရဲအရာရှိ (၅)ဦး အား အရပ်သားဟုထင်ပြီး လူမှားကာ သက်ဆိုင်ရာက ဝင်ရိုက်ဖမ်းဆီးခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားပြီးနောက် ကျောက်မဲမြို့မရဲစခန်းရှေ့ရှိ ပင်လုံလမ်းမကြီးအား ညစဉ် ဘယ်ရီဂိတ်များဖြင့် အပြည့်ပိတ်ထားကြောင်း သိရသည်။

ည (၈)နာရီထိုးတာနဲ့ မြို့မရဲစခန်းရှေ့က ပင်လုံလမ်းမကြီး ကို ရဲစခန်းရှေ့နယ်နိမိတ်အစ (နတ်စင်နား)ကနေ ထွေအုပ်ရုံးရှေ့ နယ်နိမိတ်အဆုံးထိ ဘယ်ရီဂိတ်တွေနဲ့လမ်းအပြည့် ပိတ်ထားတာ။ မနက် (၅)နာရီကျော်တဲ့အထိ မဖွင့်ဘူး။ အခြားလမ်းကနေပတ်သွားရတယ်

ဟု ကျောက်မဲဒေသခံ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့  ပြောသည်။

၂၀၂၁ ခုနှစ် ဇွန်လ (၆)ရက် ည (၁၀)နာရီဝန်းကျင်က ကျောက်မဲမြို့ရှိ KTV ဆိုင်တစ်ဆိုင်တွင် အရပ်ဝတ်ဖြင့် မူးယစ်ဆူပူနေသည့် ရဲအရာရှိ (၅)ဦးကို စစ်တပ်နှင့်ရဲတပ်ဖွဲ့က အရပ်သားများအထင်ဖြင့် ဝင်ဖမ်းကာရိုက်နှက်အရေးယူခဲ့ခြင်းဖြစ်သည်။

ဇွန်လ (၈)ရက်ညကလဲ အမှတ် (၈)ရပ်ကွက်အတွင်းရှိ KTV ဆိုင်တစ်ဆိုင်တွင် ခရိုင်ရဲရုံးမှ ရဲဝန်ထမ်း (၂)ဦးက ထပ်မံဆူပူမူးယစ်ရမ်းကားကာ ဆိုင်ရှိ ပုလင်းများ ဖန်ခွက်များရိုက်ခွဲခဲ့သဖြင့် ရဲရုံးသို့ ဆက်သွယ်တိုင်ကြားခဲ့ရသည့် ဖြစ်စဥ်လည်း ထပ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။



အဆိုပါကိစ္စများ ဖြစ်ပွားပြီးနောက်ပိုင်းတွင် ကျောက်မဲမြို့မရဲစခန်းအရှေ့ရှိ အများပြည်သူသွားလာနေသော ပင်လုံလမ်းမကြီးအား  နံနက် (၅)နာရီကျော်သည်အထိ ဘယ်ရီဂိတ်များဖြင့် အပြည့်ပိတ်ထားလိုက်ခြင်းဖြစ်သည်ဟု သိရသည်။