မိုးဗြဲ စစ်ဘေးရှောင်များအတွက် အလှူရှင်များ လှူထားသည့် ဆန်နှင့်ဆေးဝါး ပစ္စည်းများအား အာဏာသိမ်းစစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး 

မိုးဗြဲ စစ်ဘေးရှောင်များအတွက် အလှူရှင်များ လှူထားသည့် ဆန်နှင့်ဆေးဝါး ပစ္စည်းများအား အာဏာသိမ်းစစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး 
ဇွန် 11, 2021 | ရှမ်းတောင်

ရှမ်း - ကယားနယ်စပ် မိုးဗြဲမြို့နယ်အတွင်း လွယ်ယင်းတောင်ခြေ ကျေးရွာတွင် စစ်ဘေးရှောင်ပြည်သူများအတွက် အလှူရှင်များ ပေးပို့ထားသော ဆန်နှင့် ဆေးဝါးပစ္စည်းများအား ၂၀၂၁ခုနှစ် ဇွန်လ(၁၁)ရက်နေ့နံနက်ပိုင်းတွင် အာဏာသိမ်းကောင်စီတပ်က လာရောက်ပြီး မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။ 

"ရွာရဲ့ စာသင်ကျောင်းဝန်းထဲမှာ စစ်ရှောင်တွေဆီ ပို့ဖို့ပေါ့ စုထားတာတွေကို မီးလာရှို့သွားတာပါ။ တပ်တွေရှိနေတော့ သားတွေက အကုန် တိမ်းရှောင်နေရတယ်။ ဘယ်ချိန်ဝင်ပြီး လာရှို့သွားလဲတော့ မသိဘူး။ ဖြစ်တာတော့ ဒီမနက်မှာပဲ။ ဆန်အိတ်က (၈၀)ကျော်လောက်ရှိတယ်။"ဟု မိုးဗြဲ မြို့ ဒေသခံ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 

ကရင်နီ စစ်ဘေးရှောင်ပြည်သူများအတွက် ပေးပို့ထားသော ဆန်နှင့် ဆေးဝါးပစ္စည်းများအား မီးရှို့ခံလိုက်ရသည့်အတွက် များစွာစိတ်မကောင်းဖြစ်ရပြီး ပေးပို့ထားသော အလှူရှင်များနှင့် လုပ်အားပေးလူငယ်များအား ကျေးဇူးတင်ရှိ​ကြောင်း ကရင်နီစစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေး ကွန်ယက်မှ ၎င်းတို့၏ လူမှုကွန်ယက် စာမျက်နှာတွင် ရေးသားထားသည်။

မိုးဗြဲမြို့နယ်ရှိ လွယ်ယင်းတောင်ခြေကျေးရွာ အနီးတွင် ဇွန်လ (၇)ရက်နေ့ကစ၍ စစ်ကောင်စီတပ်များမှ တပ်ဆွဲထားပြီး မိုးဗြဲ - ဒီးမော့ဆို သွားလမ်းမကြီးရှိ နန်းမယ်ခုံမြို့ထိ ဇွန်လ (၁၁)ရက်နေ့အထထိ စစ်ကောင်စီတပ်များမှ တပ်ဆွဲထားကြောင်း သိရသည်။



#TachileikNewsAgency

Photo: CJ