ဖယ်ခုံမြို့ပေါ်တွင် ဗုံပေါက်ကွဲသံများ ကြားနေရပြီး စစ်ကောင်စီတပ်များမှ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်နေ

ဖယ်ခုံမြို့ပေါ်တွင် ဗုံပေါက်ကွဲသံများ ကြားနေရပြီး စစ်ကောင်စီတပ်များမှ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်နေ
သြဂုတ် 6, 2021 | ရှမ်းတောင်

ဖယ်ခုံမြို့ပေါ်တွင် ဗုံပေါက်ကွဲ သံများနှင့် စစ်ကောင်စီတပ်များမှ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်နေ 

ရှမ်းပြည်နယ်တောင်ပိုင်း ၊ ဖယ်ခုံမြို့ပေါ်တွင် သြဂုတ်လ (၆)ရက်နေ့  နေ့လည်ပိုင်းကစ၍  ဗုံးပေါက်ကွဲ သံအချို့ကြားရ၍ စစ်ကောင်စီတပ်များမှ  လက်နက်ကြီးများဖြင့် ဆက်တိုက်ရမ်းသမ်း ပစ်ခတ်နေကြောင်း သိရသည်။ 

ပစ်နေတာက လက်နက်ကြီးပဲ။ ဒီက တပ်တွေကနေ ပစ်နေတာ။ ပစ်နေတာတော့ စစ်တပ်ကပဲ ပစ်နေတာပေါ့။ အပြန်အလှန် ပစ်နေတာမျိုး မဟုတ်ဘူး။ သူတို့ကပဲ တစ်ဖက်တည်း ပစ်နေတာ ။ ဆက်တိုက်ကို ပစ်နေတာ။ ဒီဖယ်ခုံ အနောက်ဖက် ခေါင်းအိ ဖက်ကို ပစ်နေတာလို့ ယူဆရတယ်။

ဟု ဖယ်ခုံမြို့ ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 

ဖယ်ခုံမြို့ပေါ်တွင် ဗုံးပေါက်ကွဲသံဟု ယူဆရသည့် အသံအချို့ကြားရပြီးနောက် မြို့ပေါ်အခြေစိုက် စစ်ကောင်စီတပ်များမှ လက်နက်ကြီးများဖြင့် ဆက်တိုက် ရမ်းသမ်းပစ်ခတ်နေခြင်းဖြစ်ပြီး ပင်လောင်းမြို့ဖက်မှစစ်ကောင်စီ၏ စစ်ကား (၁၅)ကျော်မှလည်း လွိုင်ကော်မြို့ဖက်သို့ လာရောက်ရန် ဦးတည်နေကြောင်း သိရသည်။ 

ဖယ်ခုံမြို့ပေါ်တွင် သြဂုတ်လ မှ စတင်၍ စစ်ကောင်စီတပ်များမှ ပစ်ခတ်မှုများ မကြာခဏ လုပ်လာကြောင်းသိရပြီး ယနေ့ ပစ်ခတ်မှုများမှာ စစ်ကောင်စီတပ်များမှ လက်နက်ကြီးများဖြင့် အချက်ပေါင်းများစွာ  တစ်ဖက်သတ်ပစ်ခတ်နေခြင်း ဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။

ဖယ်ခုံမြို့ အခြေစိုက် စစ်ကောင်စီတပ်ရင်းများမှ လက်နက်ကြီးများဖြင့် ရမ်းသမ်း၍  နေ့လည် (၁၂)နာရီခွဲ အချိန်ထိ ဆက်တိုက် ပစ်ခတ်နေဆဲ ဖြစ်ကြောင်း သိရပြီး မြို့ပေါ်ရပ်ကွက်များအတွင် လက်နက်ကြီးကျည်များ ကျရောက်မည်ကို မြို့ခံများမှ စိုးရိမ်လျှက်ရှိကြောင်း သိရသည်။ 

ပြီးခဲ့သည့် သြဂုတ်လ (၃)ရက်နေ့ကလည်း Covid-19ကာကွယ်ဆေးထိုးပေးနေစဥ် ဖယ်ခုံမြို့ရှိ  မြို့တော်ခန်းမဝင်ပေါက်တွင် ဗုံးပေါက်ကွဲခဲ့ပြီး   ရဲတပ်သားများဖြစ်သည့် ထွန်းလင်းဇော်နှင့် အောင်လွင်ဖြိုးတို့ သေဆုံးခဲ့ကာ ဒုတပ်ကြပ်အောင်မျိုးနှင့် စေတနာ့ဝန်ထမ်းဒေါ်မူရိန်း၊ ဦးနန္ဒဝေယံတို့မှာ ဒဏ်ရာရရှိ၍ ဖယ်ခုံမြို့နယ်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။ 

ဖယ်ခုံမြို့တွင်  သြဂုတ်လ (၃)ရက်နေ့ က ဗုံးပေါက်ကွဲ မှုဖြစ်ပြီး နောက်ပိုင်း စစ်ကောင်စီဖက်မှ လုံခြုံရေးတိုးမြှင့်ကာ စစ်ဆေးခြင်းများ၊ သေနတ်ပစ်ခက်ခြင်းများ၊ မြို့တွင်း လှည့်လည်ခြင်းများ နှင့် လက်နက်ကြီး ပစ်ခတ်မှုများပါ လုပ်​ဆောင်လာကြောင်း သိရသည်။

#TachileikNewsAgency