စစ်ကောင်စီနှင့်ပူးပေါင်းသွားသည့် ကလလတ ဒုတိယဥက္ကဌ(၂) ဦးထူးကော်ကို အဖွဲ့အစည်းဝင်ရဲဘော်များက သတိပေး

စစ်ကောင်စီနှင့်ပူးပေါင်းသွားသည့် ကလလတ ဒုတိယဥက္ကဌ(၂) ဦးထူးကော်ကို အဖွဲ့အစည်းဝင်ရဲဘော်များက သတိပေး
ဇူလိုင် 3, 2023 | 2021 Military Coup| ကယား

အာဏာသိမ်းစစ်ကောင်စီနှင့် ပူးပေါင်းသွားသည့် ကလလတ လွိုင်ကော်ခရိုင်တပ်ဖွဲ့ ဒုတိယဥက္ကဋ္ဌ(၂) ရဲဘော်ထူးကော်ကို ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ) တပ်ဖွဲ့က ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ(၃)ရက်နေ့ ညနေပိုင်းတွင် သတိပေးစာထုတ်ပြန်လိုက်သည်။

စစ်ကောင်စီအား ပြန်လည်တိုက်ခိုက်မည်ဟု ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ)က ၂၀၂၃ခုနှစ် ဇူလိုင်လ (၁)ရက်နေ့တွင် တရားဝင်အသိပေးကြေညာပြီးနောက် လွိုင်ကော်ခရိုင်(ကလလတ)အဖွဲ့က စစ်ကောင်စီတပ်နှင့် ဆက်လက်ပူးပေါင်းမည်ဟု ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယခုတိုက်ပွဲများ မစတင်မီကတည်းက ၎င်းအား ခေါ်ယူဆွေးနွေးခဲ့ပြီး ကိုယ်ကျိုးစီးပွား တစ်ခုတည်းအတွက် ရန်သူ(စကစ)စစ်အုပ်စုနှင့် ပေါင်းဖက်နေခြင်းအား နားလည်ပေးနိုင်သော်လည်း မိခင်အဖွဲ့အစည်း(ကလလတ)ကို မဆန့်ကျင်မိရန်၊ ရန်သူနှင့်ပေါင်းပြီး “သုံးမျိုးဆန့်ကျင်ရေး” မလုပ်မိစေရန်လည်း သတိပေးထားသည်။

ထို့ကြောင့် ရန်သူ့အကြိုက်လိုက်ပြီးလုပ်နေသည့် လုပ်ရပ်များကို ရပ်တန်းကရပ်ရန် အလေးအနက် သတိပေးကြောင်းနှင့် ရန်သူ့ကျော့ကွင်းအတွင်းမှ အခြေအနေပေးသည်နှင့် မိခင်အဖွဲ့အစည်းထံ အမြန်ဆုံးပြန်လာရန်လည်း ဖိတ်ခေါ်ထားသည်။

ဇူလိုင်လ (၁)ရက်နေ့တွင် ကလလတ လွိုင်ကော်ခရိုင်က ပြည်သူလူထု၏အကျိုးကိုသာ အစဉ်ဦးထိပ်ပန်ဆင်ပြီး ယနေ့အထိ နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့များနှင့် အတူယှဉ်တွဲကာ ငြိမ်း‌ချမ်းရေးတည်ဆောက်ခဲ့ပြီးဖြစ်၍ ပြည်သူလူထုအတွက် အကျိုးပြုလုပ်ငန်းကိုသာ အတူပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဗဟိုကော်မတီ၏ သဘောထားမပါဘဲ ထုတ်ပြန်ကြေညာချက်များသည် အဖွဲ့အစည်း၏ တရားဝင် ထုတ်ပြန်ကြေညာချက်မဟုတ်ဟု ကလလတ ဒုတိယဥက္ကဌဦးထူးကော်က လက်မှတ်ရေးထိုး ထုတ်ပြန်လာခြင်းဖြစ်သည်။

#TachileikNewsAgency