ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီ တပ်က တပ်နယ်များတွင် မိုင်းများထောင်ထားမည်ဖြစ်ကြောင်း သတိပေး

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီ တပ်က တပ်နယ်များတွင် မိုင်းများထောင်ထားမည်ဖြစ်ကြောင်း သတိပေး
ဇွန် 2, 2021 | ရှမ်းတောင်

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ အာဏာသိမ်းစစ်ကောင်စီ၏ တပ်နယ်အတွင်းမှ တပ်ပိုင်ဧရိယာများကို တိုက်ခိုက်ခံရမှုမရှိစေရန် ၂၀၂၁ ခုနှစ် ဇွန်လ (၃) ရက်နေ့ နံနက် (၇)နာရီမှစ၍ မိုင်းများထောင်ထားမည်ဖြစ်၍ ဒေသခံများအနေဖြင့် ဖြတ်သန်းသွားလာခြင်းမပြုကြရန်နှင့် ဖြတ်သန်းသွားလာပါက ဖြစ်လာသည်များကို တာဝန်ယူမည်မဟုတ်ကြောင်း ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် အသိပေးထားသည်ဟု သိရသည်။

ဆီဆိုင်မြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီ၏တပ်များဖြစ်သည့် အမှတ် (၄၂၃) ခြေမြန်တပ်ရင်း၊ အမှတ် (၄၂၄) ခြေမြန်တပ်ရင်း၊ ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ဆွယ်တို့အပြင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမှတ် (၁) စစ်ဗျူဟာ၏ မြေဧက (၃၀၀) တို့တွင် တိုက်မိုင်း၊ နင်းမိုင်း၊ ရှေ့ထွက်မိုင်းနှင့် စွန့်လွှတ်မိုင်းများ တပ်ဆင်ထားမည်ဟု အသိပေးထားသည်။

အဆိုပါ တပ်ဧရိယာများသို့ လူ၊ တိရစ္ဆာန်များ ဖြတ်သန်းသွားလာခြင်းမပြုကြရန်နှင့် တားမြစ်ချက်ကိုမလိုက်နာ၍ ဖြစ်ပွားလာပါက အရေးယူဖြေရှင်းဆောင်ရွက်ပေးမည်မဟုတ်ဟု ထုတ်ပြန်ထားသည်။