အကယ်၍သာ အာဏာ မရူးခဲ့ရင်

အကယ်၍သာ အာဏာ မရူးခဲ့ရင်

အကယ်၍သာ အာဏာ မရူးခဲ့ရင်

စစ်အာဏာရှင်၏ လက်နက် အားကိုးဖြင့် စစ်အာဏာသိမ်းမှု ပြုလုပ်ပြီးနောက် ပြည်သူများအပေါ် လူ့အခွင့်အရေးဆိုင်ရာ ကဏ္ဍများစွာကို ချိုးဖောက် ပိတ်ဆို့ တားဆီး ကန့်သတ်မှုများ ပြုလုပ်ခဲ့သလို နိုင်ငံ့အနာဂတ် ခေါင်းဆောင်များ ဖြစ်သည့် လူငယ်များ အပါအဝင် ပြည်သူ့ဝန်ထမ်းများနှင့် များလှစွာသော ပြည်သူများမှာ အကြမ်းဖက် သတ်ဖြတ်ခံရခြင်း၊ ဖမ်းဆီးချုပ်နှောင် ခံထားရခြင်းများ ကြုံတွေ့နေရသည်မှာ အားလုံး အသိပင် ဖြစ်သကဲ့သို့ အမှန်တရား ဆိုသည်ထိ လက်ရှိ အရှိတရားပင် ဖြစ်သည်။

နှစ်ပေါင်းများစွာ စစ်အာဏာရှင် လက်အောက်၌ ပျော်မွေ့ခဲ့ကြသော တစ်ကိုယ်ကောင်းသမား တစ်စုမှ အပ ကျန်ပြည်သူများမှာ စစ်အာဏာရှင်ကို တွန်းလှန်နေကြသည်က သက်သေပင်။

အာဏာရှင် ဆန့်ကျင်ရေး ပြည်လုပ်နေသူ ပြည်သူများကို အာဏာရှင် လက်ပါးစေများက အကြမ်းဖက် ဖိနှိပ် ဖြိုခွဲနေမှုကြောင့် ဆန္ဒထုတ်ဖော်မှု အရှိန်မှာ ယခင်ကထက် အနည်းငယ် လျော့နည်းလာသော်လည်း အာဏာရှင် လက်းပါးစေများ၏ အကြမ်းဖက်မှု၊ ဖမ်းဆီးမှုများကမူ ယခင်ကကဲ့သို့ပင် ဆိုးမြဲ၊ မိုက်မြဲပင် ဖြစ်သည်။ ထို့အတူ CDM ပြုလုပ်သူ ပြည်သူ့ဝန်ထမ်းများကိုလည်း အမျိုးမျိုး ဖိနှိပ်ကာ ခြိမ်းခြောက်နေခြင်း၊ ဖမ်းဆီးမှု ပြုလုပ်နေခြင်းများမှာ စစ်အာဏာရှင်၏ ပြည်သူအပေါ် ကြောက်ရွံ့စိတ်ဖြင့် ထင်ရာစိုင်း၍ ရိုင်းစိုင်းကာ အကြမ်းဖက် နေခြင်းပင် ဖြစ်သည်။

ယင်းကဲ့သို့သော အခြေအနေများသည် လက်နက် အားကိုးဖြင့် စစ်အာဏာရှင်သည် လက်နက်မဲ့ ပြည်သူများကို ကြောက်ရွံ့နေခြင်းကြောင့် ဖြစ်သည်ဟုသာ သုံးသပ်ပါသည်။

ယခု ရက်ပိုင်းအတွင်း စစ်အာဏာရှင် လက်ဝေခံများ တွင်တွင်ကျယ်ကျယ် ပြောဆိုလာသည်မှာ မလွဲသာသော အခြေအနေများကြောင့် မိမိကိုယ်ကို ခုခံ ကာကွယ်‌နေကြရသည့် လူငယ် ပြည်သူများကို အကြမ်းဖက်သမားများသဖွယ် ပြောဆိုလာသည်ကို တွေ့မြင်နေရလာသောကြောင့် ဖြေရှင်းစရာ မလိုသော်လည်း အမှန်ကို မြင်/သိ နားလည်စေရန် ရည်ရွယ်ကာ တုံ့ပြန်လိုပေသည်။

ယခုအခြေအနေများကို မည်သူ ဖန်တီးခဲ့ပါသနည်းဟူ၍ ၎င်းတို့ကို ပြန်လည် မေးခွန်း ထုတ်လိုသည်။ အာဏာ ရူး၍ စစ်အာဏာ မသိမ်းခဲ့ပါက ယခုကဲ့သို့ ဖြစ်လာဖွယ်ရာအကြောင်း လုံးဝ မရှိပေ။ ဆန္ဒပြမှုများကြောင့် စစ်အာဏာရှင်က အာဏာ သိမ်းခဲ့ခြင်းမျိုး မဟုတ်ဘဲ အာဏာရူးသူ တစ်ဦး၏ အသိတရား မဲ့စွာဖြင့် အာဏာသိမ်းမှု‌ကြောင့် ဆန္ဒပြမှုများ ဖြစ်ပေါ်လာရခြင်းကို သတိချပ်၍ အသိကပ်ကာ ဆင်ခြင်သုံးသပ်ပါက အဖြေမှာ ရှင်းလင်းနေပေသည်။

အာဏာသိမ်း စစ်ကောင်စီက မဲမသမာမှုများ‌ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် အာဏာထိန်းရခြင်း ဖြစ်သည်၊ NLD ၏ သွေးထိုးလှုံ့ဆော်မှုကြောင့် ဆူပူအကြမ်းဖက်မှုများ ဖြစ်ရသည်၊ ပြည်ပနိုင်ငံများက တိုင်းပြည်ပျက်အောင် လုပ်ဆောင်နေသည်၊ ဗုဒ္ဓဘာသာ ပျက်သုဉ်းအောင် လုပ်ဆောင်နေသည်၊ စသည့် စသည့် မရိုးနိုင်သော အလိမ်အညာများဖြင့် ပြည်သူကို သတင်း အမှောင်ချမှုသည်လည်း အာဏာသိမ်းခဲ့သည့် ရက်ပေါင်း ၁၀၀ ကျော်သည့်တိုင် အလုပ်မဖြစ်ပေ။

မဲမသမာမှုကြောင့် အာဏာသိမ်းရသည်ဟု အလိမ်အညာကို ပြည်သူများက မယုံကြည်သည်မှာ အဆန်းတော့ မဟုတ်။ သန်းပေါင်း များစွာသော ပြည်သူတို့သည် မည်သူကို မဲပေးသည်အား ၎င်းတို့ကိုယ်တိုင် သိရှိနေကြခြင်းပင် ဖြစ်သည်။ အမှန်တကယ် မဲမသမာမှု ရှိနေသည့်တိုင် လက်နက် အားကိုးဖြင့် အာဏာသိမ်းရန် အကြောင်းလည်း မရှိပေ။ နိုင်ငံရေးကိစ္စကို နိုင်ငံရေး နည်းဖြင့်သာ ဖြေရှင်း၍ မှားသူကို မဲဆန္ဒရှင် ပြည်သူကသာ ဒဏ်ခတ်လိမ့်မည်သာ ဖြစ်သည်။

NLD က သွေးထိုးလှုံ့ဆော်နေသည်၊ NLD က အဖျက်အမှောက်များ လုပ်နေသည်ဟူသော စစ်ကောင်စီက စွပ်စွဲချက်မှာ လက်ရှိ စစ်အာဏာရှင်ကို ဆန့်ကျင်နေသူ အများစုသည် NLD ပါတီဝင်များ မဟုတ်သည့် ကျောင်းသားလူငယ်များ သာမန်ပြည်သူများ ပါဝင်နေသည်ကို မေ့လျော့နေဟန် တူပေသည်။

ပါတီနိုင်ငံရေးနှင့် မသက်ဆိုင်သော၊ အစိုးရအဆက်ဆက်ကို လွတ်လပ်စွာ ဝေဖန်ထောက်ပြနေကြသော သတင်းမီဒီယာများကို ၎င်းတို့ အာဏာ တည်မြဲရေးအတွက် ဖမ်းဆီး နှိပ်ကွပ်နေခြင်းသည်ကပင် အထက်ပါ စစ်ကောင်စီ၏ အလိမ်အညာများက အရှင်းသား ပေါ်လွင်နေပေသည်။

ထို့အတူ ကမ္ဘာ့ ကပ်ရောဂါဖြစ်သော COVID-19 ရှိနေ‌သော်လည်း အာဏာရှင်အောက် ပြားပြားမှောက်နေကြောင်း ၎င်းတို့ စစ်ကောင်စီကို ပြည်သူက ထောက်ခံသယောင် ဟန်ဆောင်လို၍ ဘုရားများ ဖွင့်သော်လည်း ဖူးသူ မရှိ၊ ရုံးဖွင့်သော်လည်း တက်သူ မရှိ၊ ဆေးရုံ ဖွင့်သော်လည်း ကုသမည့်သူ မရှိ၊ ကျောင်း ဖွင့်သော်လည်း တက်သူ မရှိ ဖြစ်နေရသည်။

ယခင်ကာလများက စစ်အာဏာရှင်၏ အကြမ်းဖက် နှိပ်စက်မှုကို ကြောက်ရွံ့၍ တော်လှန်ရေးမှာ မအောင်မြင် ဖြစ်ခဲ့ရသော်လည်း ယခုတွင်မူ ကြောက်စိတ်ကို ဖျောက်နိုင်ခဲ့ကြသော လူငယ်မျိုးဆက်တို့၏ နွေဦးတော်လှန်ရေးက အရှိန် ရသည်ထက် ရကာ ပို‌မိုအောင်မြင်လာသည်မှာလည်း လက်တွေ့ပင် ဖြစ်သည်။

အဆိုပါ ကြောက်ခေတ်ကို ဖြတ်သန်းလာခဲ့ရသူ အာဏာရှင် အားပေးသည့် ဘက်ပြောင်း သူလျှိုများကိုလည်း တော်လှန်ရေးလူငယ်များ သတိထားရန် လိုအပ်ပေသည်။ ၎င်းတို့မှာ ကြားနေသည်ဟုဆိုသော စကားလုံး လှလှကို အသုံးပြုနေကြသည့် ကိုယ်ကျိုးရှာ အတ္တသမားများပင် ဖြစ်သည်။ ၈၈၈၈ အရေးတော်ပုံ ကာလက ပါဝင်ခဲ့သူ အချို့သည်ပင် လက်ရှိတွင် စစ်ကောင်စီ၏ လက်ပါးစေများ ဖြစ်နေပြီလားဟုပင် စဉ်းစားဖွယ်ရာများ ရှိနေပေသည်။ (လူ အချို့ကိုသာ ဆိုလိုရင်း ဖြစ်သည်ကို သတိပြုစေလိုပါသည်။)

စစ်အာဏာ သိမ်းမှုကြောင့် မိမိတို့ နိုင်ငံသည် ဆင်းရဲတွင်းက မတက်နိုင်သလို နက်သည်ထက် နက်ရသည့် အဖြစ်ကို ရောက်လာနေပေသည်။ အုပ်ချုပ်ရေးယန္တရားက အစ၊ ဘဏ်လုပ်ငန်းကက အလယ်၊ ဥပဒေစိုးမိုးရေးက အဆုံး အလုံးစုံသော အခြေအနေတို့မှာ ယိမ်းယိုင်ပျက်သုဉ်း နေရပေသည်။

အထက်ပါ စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲ ဆိုးကျိုးများကို အားလုံး ခံစားနေကြရသည်က မိမိတို့ ပြည်သူများပင် ဖြစ်သည်။ အဓမ္မကို တွန်းလှန်နေကြသော အမှန်တရားကို လိုလားသူ ပြည်သူများသည် အမျာအကျိုးကို ရည်မျှော်ကာ စစ်အာဏာရှင်ကို ရရာနည်းဖြင့် တွန်းလှန်နေကြပေရာ ထိခိုက်ဆုံးရှုံးမှု အနည်းငယ်ကို အပြစ်ဟု ထင်၍ အာဏာရှင် လက်ပါးစေများ၏ အကြမ်းဖက်မှုကို မမြင်ဟန် ဆောင်သူများကို ပြောလိုသည်မှာ အကယ်၍များ အာဏာရူးက အာဏာမသိမ်းခဲ့လျှင် မည်သို့သော အခြေအနေ ရှိနေနိုင်မည်ကို တွေးကြည့်ပါဟုသာ ပြောလိုသည်။

မကြာမီ နွေဦးတော်လှန်ရေးကား စချီတော့မည်၊ ဓမ္မသမားများက အဓမ္မသမားများကို တိုက်ထုတ်တော့မည်။ ပေးဆပ် ရင်းနှီးမှုများဖြင့် အမှန်တရားကို ရယူကြတော့မည်။ စစ်သေနတ်ကို ကျောင်းလွယ်အိတ်ဖြင့် ရိုက်ကာ အာဏာရှင်ကို အမြစ်ဖြတ်ကြတော့မည်။

စစ်သေနတ်ကိုင်၍ အာဏာရူးသူကို အပြစ်မဆို၊ ကျောင်းလွယ်အိတ်ကိုလွယ်၍ အာဏာရှင်ကို အပြုတ်တွယ်သူများအား အပြစ်ဆိုလိုက ဆိုလိုနိုင်၏။ သို့သော် အာဏာရှင် တော်လှန်ရေး ပြီးက သာကူးနှိမ်နင်းရေးသည်လည်း ရှိနေသေးသည်ကိုကား မမေ့သင့်ပါကြောင်းနှင့် မည်သို့သော ဆိုးကျိုးများ ဖြစ်လာစေကာမူ အာဏာရူးသည့် အာဏာရှင်‌ကြောင့်သာ ဖြစ်ပါကြောင်း ဆန္ဒပြု တင်ပြလိုက်ရပါသည်။

🏴 အရေးတော်ပုံ အောင်ရမည်

🏴 အရေးတော်ပုံ အောင်နေပြီ

🏴 အရေး‌တော်ပုံ အောင်မြင်ပြီ