လွိုင်ကော်မြို့ရှိ ကက်သလစ်ဘုရားကျောင်းများ အတွင်း နှင့် အနီးတွင် မည်သည့်လက်နက်ကိုင်မဆို ပစ်ခတ်ခြင်းများ မပြုလုပ်ရန် အလံဖြူထောင်ပြီး မေတ္တာရပ်ခံထား

လွိုင်ကော်မြို့ရှိ ကက်သလစ်ဘုရားကျောင်းများ အတွင်း နှင့် အနီးတွင် မည်သည့်လက်နက်ကိုင်မဆို ပစ်ခတ်ခြင်းများ မပြုလုပ်ရန် အလံဖြူထောင်ပြီး မေတ္တာရပ်ခံထား
မေ 24, 2021 | ကယား

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင်းရှိ ကက်သလစ်ဘုရားကျောင်းများတွင် ယနေ့ မေလ(၂၄)ရက်နေ့မှစကာ ပြည်သူများ ခိုလှုံနေသော ဘာသာရေးအဆောက်အအုံများအနီး မည်သည့်လက်နက်ကိုင်အဖွဲ့များမှ ပစ်ခတ်တိုက်ခိုက်ခြင်းမပြုလုပ်ရန် အလံဖြုထောင်၍ မေတ္တာရပ်ခံထားကြောင်း သိရသည်။ 

လွိုင်ကော်မြို့ပေါ်မှာကျတော့ တစ်ခြားရှောင်စရာ နေရာ မရှိဘူး။ သက်ကြီးရွယ်အိုတွေ ကလေးတွေနဲ့ ကျန်းမာရေးမကောင်းသူတွေကို ဦးစားပေးပြီး ဘုရားကျောင်းမှာ လာခိုလှုံ​ရတယ်။ အဲ့ဒါကြောင့် ဒီဘုရားကျောင်းတွေ စေတီပုထိုး ဘာသာရေး အဆောက်အအုံ၊ တွေမှာ ဘယ်ဖက်ပဲ ဖြစ်ဖြစ်လက်နက်ကိုင်တွေ အနေနဲ့ ပစ်ခတ်တိုက်ခိုက်တာ ဖျက်ဆီးတာတွေ မလုပ်ဖို့ အလံဖြူထောင်ပြီး မေတ္တာရပ်ခံထားတာပါ။ 

ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့  ပြောသည်။ 

မေလ (၂၃)ရက်နေ့ ညပိုင်းကစ၍ လွိုင်ကော်မြို့နယ်ထဲအထိပါ တိုက်ပွဲများ ဖြစ်ပွားလာခြင်းကြောင့် မြို့နေလူထုများမှာ နီးစပ်ရာ ဘာသာရေး အဆောက်အအုံများတွင် လာရောက်ခိုလှုံနေကြရပြီး လက်နက်ကိုင်များအနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ဘုရာကျောင်းများ အနီးမပြုလုပ်ကြရန် အလံဖြူများ ထောင်ကာ မေတ္တာရပ်ခံထားခြင်း ဖြစ်သည်။

ကယားပြည်နယ်တွင်းရှိ မြို့နယ်တိုင်းမှ  စေတီပုထိုး၊ ဘုရားကျောင်းကန်၊ ရဟန်းသီလရှင်ကျောင်း၊ ဆေးရုံဆေးခန်းများအား မည်သည့် လက်နက်ကိုင်အဖွဲ့ အစည်းများမှ စခန်းချ နေရာယူခြင်း ၊တိုက်ခိုက်ရေးအတွက် အသုံးချခြင်း နှင့် မီးရှို့ ဖျက်ဆီးခြင်းများ မပြုလုပ်ကြရန် ဘာသာရေး အဖွဲ့စည်းများမှ တောင်းဆိုထားသည်။