ဒီးမော့ဆိုမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်၏  ဒေါတဝီဂိတ်စခန်းကို PDF က သိမ်းပြီးမီးရှို့ဖျက်ဆီး

ဒီးမော့ဆိုမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်၏  ဒေါတဝီဂိတ်စခန်းကို PDF က သိမ်းပြီးမီးရှို့ဖျက်ဆီး
မေ 22, 2021 | ကယား

ကယား(ကရင်နီ)ပြည်နယ်၊ ဒီမော့ဆိုမြို့နယ်ရှိ အာဏာသိမ်းစစ်ကောင်စီ၏  ဒေါတဝီဂိတ်စခန်းအား ၂၀၂၁ ခုနှစ်၊ မေလ (၂၂) ရက်နေ့ ညနေပိုင်းတွင်  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က သိမ်းပြီးမီးရှို့ဖျက်ဆီးလိုက်ကြောင်းသိရသည်။ 

မနေ့ ညကတည်းက ရမလိုလိုနဲ့ လုပ်နေတာပေါ့။ ဒီနေ့ညနေတော့ တက်တိုက်မယ့်အချိန်မှာ သူတို့က ထွက်ပြေးလိုက်တော့ ကျွန်တော်တို့ အပြီးသိမ်းပြီးတော့ ထူလွီးဗီလာဂိတ်လိုပဲ မီးရှို့ဖျက်ဆီးလိုက်ပြီ 

ဟု ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ဖွဲ့ဝင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ အတည်ပြုပြောကြားသည်။ 

ပြည်သူ့ကာကွယ်ရေးတပ် (PDF)က  အဆိုပါဂိတ်စခန်းအား သိမ်းယူနိုင်ရန် မေလ (၂၁) ရက်နေ့ညပိုင်းကတည်းက ဖိအားပေး ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ပြီး မေလ (၂၂) ရက်နေ့ ညနေ (၄)နာရီ ဝန်းကျင်ခန့်တွင် နှစ်ဖက်ထိခိုက်မှုမရှိဘဲ သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ကယား (ကရင်နီ)ပြည်နယ်အတွင်း မေလ (၂၁) ရက်နေ့ကလည်း ကရင်နီတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့်  ပြည်သူ့ကာကွယ်ရေးတပ်များပူးပေါင်း၍ တစ်နေ့တာအတွင်း  အာဏာသိမ်း စစ်ကောင်စီ၏ ဂိတ်စခန်း (၃)ခုကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့၏ တိုက်ပွဲများကြောင့် ဒီးမော့ဆိုမြို့နယ်အတွင်းမှ ဒေသခံများမှာ စစ်ဘေးလွတ်ရာ တောတောင်းများအတွင်း တိမ်းရှောင်နေကြရသည်။



Photo: CJ