တောင်ကြီးမြို့တွင် သပိတ်စစ်ကြောင်း ဖြိုခွင်းခံရပြီး လူငယ် (၇)ဦးအထက် ဖမ်းဆီးခံရ

တောင်ကြီးမြို့တွင် သပိတ်စစ်ကြောင်း ဖြိုခွင်းခံရပြီး လူငယ် (၇)ဦးအထက် ဖမ်းဆီးခံရ

 မရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ပေါ်တွင် ယနေ့ မေလ(၁၅)ရက်နေ့ နံနက်ပိုင်းက သပိတ်စစ်ကြောင်း ဖြိုခွင်းခံရ၍ လူငယ် (၇)ဦးအထက် ဖမ်းဆီးခံရပြီး ဆိုင်ကယ်လည်း  သိမ်းဆည်းခံရကြောင်း သိရသည်။

"မနက် (၇)နာရီခွဲက စထွက်တာပါ။ စထွက်ပြီး (၅)မိနစ်လောက်ပဲရှိသေးတယ်၊ အိမ်စီးကားတွေနဲ့ အရပ်ဝတ်နဲ့ကော၊ ယူနီဖောင်းဝတ်နဲ့ကော လိုက်ဖမ်းတာ (၇)ဦးထက်မနည်း ပါသွားတယ်။ စုရပ်က ဆိုင်ကယ်(၃)စီးကိုလည်း စစ်ကားပေါ်တင်သွားတယ်"ဟု လူငယ်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်အဖွဲ့က ယူနီဖောင်းများ အပြင် ပြည်သူဟန်ဆောင်ပြီး အရပ်ဝတ်ဖြင့်ပါ ဝတ်ဆင်၍ Honda Fit (၃)စီး၊ Probox (၁)စီးတို့ဖြင့် အနောက်မြို့ပတ်လမ်း ရွှေမေတ္တာအနီးတွင် စောင့်ဖမ်းနေခြင်း ဖြစ်ကြောင်း သိရသည်။

ယနေ့ ညနေပိုင်းအထိလည်း Honda Fit နှင့် Probox ကားများဖြင့် တောင်ကြီးမြို့တွင်း ရပ်ကွက်များသို့ အရပ်ဝတ်များဖြင့် လှည့်လည်နေကြောင်းလည်း သိရသည်။

တောင်ကြီးမြို့တွင် စစ်အာဏာရှင်စနစ်ကို မလိုလားသည့် လူငယ်များက ပြောက်ကျားသပိတ်များကို နေ့စဉ် လုပ်ဆောင်နေကြရာ ယနေ့ နံနက်ပိုင်းတွင် အာဏာသိမ်းအဖွဲ့၏ အကြမ်းဖက်အဖွဲ့မှ အရပ်ဝတ်များဖြင့် ပြည်သူဟန်ဆောင်ပြီး ကြိုတင်စောင့်ဆိုင်းကာ ဖမ်းဆီးမှုများ ပြုလုပ်သလို ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင်လည်း ယနေ့ နံနက်ပိုင်းက အကြမ်းဖက်အဖွဲ့က အရပ်ဝတ်များနှင့် မြို့တွင်း၌ စောင့်ကြည့်နေမှုများ လုပ်ဆောင်ကြောင်း သိရသည်။