မြန်မာ့အရေး သီးသန့်ဆွေးနွေးမည့် အာဆီယံထိပ်သီး အစည်းအဝေးသို့ မြန်မာ့စစ်အာဏာသိမ်းခေါင်းဆောင် တက်မည်

Photo: BBC
Photo: BBC
 မြန်မာ့အရေး သီးသန့်ဆွေးနွေးမည့် အာဆီယံထိပ်သီး အစည်းအဝေးသို့ မြန်မာ့စစ်အာဏာသိမ်းခေါင်းဆောင် တက်မည်

မြန်မာ့စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ် ဧပြီလ (၂၄) ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာတွင် ကျင်းပမည့် အာဆီယံထိပ်သီးခေါင်းဆောင်များ အစည်းအဝေး၌ တက်ရောက်မည်ဖြစ်သည်။



အိမ်နီးချင်းနိုင်ငံများ၏ တည်ငြိမ်အေးချမ်းမှုကိုပါ ထိခိုက်လာနေသည့် စစ်အာဏာသိမ်းထားသည့် မြန်မာ့အရေး အာဆီယံခေါင်းဆောင်များ၏ မျက်နှာချင်းဆိုင် အထူးအစည်းအဝေးအဖြစ်ကျင်းပခြင်းဖြစ်ပြီး အဆိုပါအစည်းအဝေးတွင် မြန်မာစစ်အာဏာသိမ်းခေါင်းဆောင်က အာဏာသိမ်းခြင်းအကြောင်းကို အာဆီယံခေါင်းဆောင်များအား ပြောကြားဖွယ်ရှိသည်ဟု ခန့်မှန်းထားကြသည်။



အဆိုပါ အစည်းအဝေးကျင်းပရန်အတွက် အာဆီယံနိုင်ငံများကြား သီတင်းပတ်ငါးပတ်ကြာ ဆွေးနွေးခဲ့ရပြီးနောက် လက်ရှိအာဆီယံဥက္ကဌ ဘရူနိုင်းက သဘောတူခဲ့ခြင်းဖြစ်သည်ဟု သိရသည်။



မြန်မာ့စစ်အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် နယ်စပ်တလျှောက်အထိ တိုက်ပွဲများနှင့် နယ်စပ်ဖြတ်ကျော် စစ်ဘေးရှောင်များ တိုးလာမည့်ဒဏ်ကို အိမ်နီးချင်းနိုင်ငံများ ကြုံတွေ့နေရသည့်အပြင် မြန်မာနှင့်အနီးကပ်ဆုံးအဖွဲ့အစည်းဖြစ်သည့် အာဆီယံအနေဖြင့် မြန်မာ့ပြည်တွင်းရေးနှင့်ပတ်သက်၍ နိုင်ငံတကာကစောင့်ကြည့်ခံနေရသည့် ဖိအားများလည်း ရှိနေခြင်းဖြစ်သည်။



ဒေသတွင်းတည်ငြိမ်မှုကိုပါ ထိခိုက်နေရသည့် မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံအနေဖြင့် နိုင်ငံတစ်ခုစီ၏ ပြည်တွင်းရေးအား ဝင်ရောက်မစွက်ဖက်ဟူသည့်မူကို လက်ကိုင်ထားရန် မဖြစ်နိုင်တော့ကြောင်း ထောက်ပြဝေဖန်မှုများလည်း ကြုံနေရခြင်းဖြစ်ပြီး အာဆီယံထိပ်သီးခေါင်းဆောင်များအနေဖြင့် ကိုဗစ် ၁၉ ကြောင့် ပြင်ပအစည်းအဝေးများ ရှောင်နေရသည့်တိုင် မြန်မာ့အရေးကို ပြင်ပအစည်းအဝေးတွင် ထိပ်သီးခေါင်းဆောင်များ ကိုယ်တိုင်တွေ့၍ ဆွေးနွေးဆုံးဖြတ်ကြရန် အင်ဒိုနီးရှားသမ္မတက တောင်းဆိုခဲ့ခြင်းဖြစ်သည်။



ယင်းအပြင် မြန်မာနိုင်ငံတွင်း စစ်အာဏာသိမ်းခံရမှုအတွင်း ၎င်းတို့၏ နိုင်ငံသားနှင့် နိုင်ငံသားပိုင်စီးပွားရေးလုပ်ငန်းများ မထိခိုက်စေရေးမှအပ နှုတ်ဆိတ်နေသည့် အိမ်နီးချင်း တရုတ်နိုင်ငံကလည်း မြန်မာစစ်အာဏာသိမ်းအဖွဲ့အား ကုလလုံခြုံရေးကောင်စီအထိ ရုရှားနှင့်အတူ အကာအကွယ်ပေးနေပြီး အာဆီယံအနေဖြင့် ကြားဝင်ညှိနှိုင်းရန် တောက်လျှောက်တိုက်တွန်းနေခြင်းဖြစ်သည်။



ref: Jakata Post