ရုရှားက ယူကရိန်း၏ ပိုင်နက်နယ်မြေ (၂၀) ရာခိုင်နှုန်းကို သိမ်းပိုက်ထားကြောင်း သမ္မတဇီလန်းစကီး ပြောကြား

ရုရှားက ယူကရိန်း၏ ပိုင်နက်နယ်မြေ (၂၀) ရာခိုင်နှုန်းကို သိမ်းပိုက်ထားကြောင်း သမ္မတဇီလန်းစကီး ပြောကြား
By Mr John

ရုရှားက ယူကရိန်း၏ ပိုင်နက်နယ်မြေ (၂၀) ရာခိုင်နှုန်းကို သိမ်းပိုက်ထားကြောင်း သမ္မတဇီလန်းစကီး ပြောကြား

ရုရှားက လက်ရှိတွင် ယူကရိန်းနိုင်ငံ၏ ပိုင်နက်နယ်မြေ (၂၀) ရာခိုင်နှုန်းကို သိမ်းပိုက်ထားကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်းစကီးက လူဇင်ဘတ်နိုင်ငံ လွှတ်တော်ကို ဇွန်လ (၂) ရက်နေ့က အွန်လိုင်းမှတစ်ဆင့် ပြောကြားသည့်မိန့်ခွန်းတွင် ထည့်သွင်းပြောခဲ့သည်။

"ရုရှားစစ်တပ်တစ်တပ်လုံးကို ကျွန်တော်တို့ ကျွန်တော်တို့ဘာသာ ခုခံကာကွယ်ရမှာပါ။ ဒီရန်လိုကျူးကျော်မှုမှာ တိုက်ပွဲအတွက် အသင့်ဖြစ်နေတဲ့ ရုရှားစစ်တပ် တပ်ရင်းတပ်ဖွဲ့အားလုံးက ပါဝင်ကြတယ်" ဟု ဇီလန်းစကီးက ပြောသည်။

တိုက်ပွဲ၏ ရှေ့တန်းမှာ မိုင်ပေါင်း (၆၂၀) ကျော် ရှည်လျားကျယ်ပြန့်ကြောင်းလည်း ယူကရိန်းသမ္မတက ဆိုသည်။

သမ္မတဇီလန်းစကီး၏ အဆိုအရ စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ယူကရိန်း ကလေးငယ် ၂၀၀,၀၀၀ ကျော်မှာ ရုရှားသို့ အတင်းအဓမ္မ ခေါ်ဆောင်သွားခံခဲ့ရကြောင်း သိရသည်။

ထိုအတောအတွင်း ရုရှားအစိုးရမီဒီယာကလည်း ယူကရိန်းနှင့် ခွဲထွက်ဒေသ ဒွန်ဘတ်စ်မှ လူဦးရေ (၁.၆) သန်းက ရုရှားနိုင်ငံအတွင်းသို့ ဖြတ်ကျော်ဝင်ရောက်လာခဲ့ကြောင်း သတင်းဖော်ပြခဲ့သည်။

လက်ရှိတွင် ရုရှားစစ်တပ်က အရှေ့ပိုင်နယ်မြေရှိ ယူကရိန်းခံစစ်ကို ချိုးဖျက်ရန် အရပ်မျက်နှာအားလုံးကနေ ကြိုးပမ်းနေကြောင်း Luhansk ခေါင်းဆောင် Serhiy Haidai က ပြောသည်။

Luhansk ၏ အဓိကမြို့ဖြစ်သည့် Severodonetsk မြို့တွင် တိုက်ပွဲပြင်းထန်နေပြီး ထိုမြို့၏ နေရာအများစုမှာ ရုရှားတပ်ဖွဲ့များက ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားပြီဟု ဆိုသည်။

Severodonetsk မြို့ကို သိမ်းပိုက်ခြင်းဖြင့် Luhansk တစ်ခုလုံးနီးပါးကို ရုရှားက ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Luhansk မှာ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်မည့် ရုရှားအစီအစဥ်၏ အစိတ်အပိုင်းလည်း ဖြစ်သည်။

ရုရှားက Severodonetsk မြို့ကို ဝိုင်းပတ်ပိတ်ဆို့ထားရန် ကြိုးပမ်းနေသော်လည်း ထိုမြို့ကနေ မိမိတို့ တပ်ဖွဲ့များ ပြန်ဆုတ်ခွာရန် မလိုအပ်ကြောင်း ယူကရိန်းစစ်တပ်မှ ထိပ်တန်းဗိုလ်ချုပ်ကြီး Olexiy Gromov က အခိုင်အမာပြောကြောင်း BBC သတင်းတွင် ဖော်ပြသည်။

ဖေဖေါ်ဝါရီလ (၂၄) ရက်နေ့တွင် ရုရှားက ယူကရိန်းကို စတင်ကျူးကျော်တိုက်ခိုက်ခဲ့ပြီးနောက် ဖြစ်ပွားနေခဲ့သည့် ယခုစစ်ပွဲမှာ ဇွန်လ (၃) ရက်နေ့တွင် ရက် (၁၀၀) ပြည့်ပြီဖြစ်သည်။

ထိုစစ်ပွဲအတွင်း စစ်သားနှင့် အရပ်သား ထောင်သောင်းချီ သေဆုံးခဲ့ကြပြီး ယူကရိန်းကနေ အခြားနိုင်ငံများသို့ ထွက်ပြေးခိုလှုံရသူ သန်းနှင့်ချီ ရှိခဲ့သည်။

ထို့အပြင် စစ်ပွဲဂယက်ကြောင့် ကမ္ဘာတဝန်း စားနပ်ရိက္ခာအကျပ်အတည်းနှင့် လောင်စာဆီဈေးနှုန်းမြင့်တက်မှု အပါအဝင် ထိခိုက်မှုများလည်း ကြုံနေရသည်။

Source: Reuters, BBC, CNN