NLD ပါတီ ကိုယ်စားလှယ်အဖွဲ့နှင့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီတို့ ဆွေးနွေးမည့်နေရာ ညှိမရ၍ တွေ့ဆုံမည့် အစီအစဉ် ပျက်

NLD ပါတီ ကိုယ်စားလှယ်အဖွဲ့နှင့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီတို့ ဆွေးနွေးမည့်နေရာ ညှိမရ၍ တွေ့ဆုံမည့် အစီအစဉ် ပျက်
ဇန်နဝါရီ 12, 2021 | နိုင်ငံရေး| ကယား

ကယားပြည်နယ်ရှိ ရွေးကောက်ပွဲအနိုင်ရ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်များနှင့်  ဒေါက်တာ အောင်မိုးညို ဦးဆောင်သည့် NLD ပါတီ ကိုယ်စားလှယ်အဖွဲ့တို့ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့တွင် တွေ့ဆုံရန် စီစဉ်ထားသော်လည်း တွေ့ဆုံမည့်နေရာညှိနှိုင်းမရ၍ တွေ့ဆုံပွဲပျက်သွားကြောင်း သိရသည်။ 

ကယားပြည်နယ် ဒီမိုကရက်ပါတီဖက်က အဆိုပြုတောင်းဆိုသည့် နှစ်ဖက်ပါတီရုံးများမဟုတ်သည့် တတိယနေရာတွင် တွေ့ဆုံရန် တောင်းဆိုချက်အပေါ် NLD ပါတီဗဟိုမှ သတ်မှတ်ထားသည့် ပါတီရုံးတွင် မတွေ့ဆုံပါက အခြားနေရာတွင်တွေ့ဆုံရန် မဖြစ်နိုင်ကြောင်း ဒေါက်တာအောင်မိုးညိုက အကြောင်းပြန်ခဲ့သည့်အတွက် နှစ်ဖက် တွေ့ဆုံဆွေးနွေးမည့် အစီအစဉ် မဖြစ်နိုင်တော့ကြောင်း ကယားပြည်နယ်ဒီမိုကရက်ပါတီ အတွင်းရေးမှူး ဦးသဲရယ်က ပြောသည်။ 

ဒီမနက်အစောမှာတော့ ဒေါက်တာအောင်မိုးညို က ကျွန်တော့်ကို ဖုန်းဆက်လာတယ်။ အဲဒါ ဘယ်လိုလုပ်ကြမလဲပေါ့။ ကျွန်တော်ကတော့ ပြောတယ်။ ပါတီရဲ့ဆုံးဖြတ်ချက်အရ ပါတီမှာပဲ လက်ခံတွေ့ဆုံဖို့ရှိတယ်။ နောက်ဆုံး အဆင်မပြေရင် နှစ်ဖက်စလုံး အဆင်ပြေတဲ့ နေရာတစ်ခုမှာ လုပ်ကြရအောင်လို့ သူ့ကိုပြောတယ်။ သူကလည်း ပြောပါတယ်။ သူတို့ပါတီဖက်က သူတို့ပါတီရုံးမှာပဲတွေ့ဖို့ တိုက်ရိုက်ဆုံးဖြတ်တဲ့ အခါကျတော့ တစ်ခြားနေရာကို သွားတွေ့ဖို့ အခြေနေမရှိဘူးလို့ ပြောလာတယ်။ အဲဒီတော့ ဆွေးနွေးမှုက အလုပ်မဖြစ်တော့ဘူးလား ဒီတိုင်းပဲ ထားလိုက်ကြတာပေါ့လို့ ပြောလာတယ်။ ဘာမှ ဆွေးနွေးမှု မရှိလိုက်ဘူးပေါ့။

ဟု ကယားပြည်နယ်ဒီမိုကရက်ပါတီ အတွင်းရေးမှူး ဦးသဲရယ်က ပြောသည်။ 

ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီမှ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များနှင့်တွေ့ဆုံရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ပေးထားသည့် ဒေါက်တာအောင်မိုးညို ဦးဆောင်သောအဖွဲ့မှာ ဇန်နဝါရီလ (၁၁) ရက်နေ့တွင် ကယားပြည်နယ် လွိုင်ကော်မြို့သို့ ရောက်ရှိနေခြင်းဖြစ်သည်။  

ကျွန်တော်တို့ကတော့ တရားဝင်ဖြစ်စေချင်တယ်။ နှစ်ဖက်စလုံး အပြန်အလှန်လေးစားတာ ဖြစ်စေချင်တယ်။ ကျွန်တော်တို့ကတော့ လေးစားပြီးသားပါ ။ ဘယ်ပါတီဖြစ်ဖြစ် ပြည်နယ်အရေး လူထုအရေး ဆောင်ရွက်တယ်ဆို လေးစားပြီးသားပါ။ ခု ဒီလိုလုပ်တဲ့ပုံစံဆို ကျွန်တော်တို့ကို သိပ်အလေးမထားရာ ရောက်တယ်လို့ ခံစားရတာပေါ့။ အချိန်နီးကပ်မှပဲ အကြောင်းကြားလာတယ်။ ဒီရောက်မှပဲ ဆက်သွယ်လာတာဖြစ်တဲ့အတွက် အဲဒီအပေါ်မှာလည်း ကျွန်တော်တို့က တစ်မျိုးဖြစ်တာပေါ့ ။ ကျွန်တော်တို့အပေါ် အလေးထားမှုက နည်းတယ်လို့ပဲ ခံစားရတယ်။

ဟု ဦးသဲရယ်က ပြောသည်။ 

ဒေါက်တာအောင်မိုးညိုဦးဆောင်သည့်အဖွဲ့က ဇန်နဝါရီလ (၁၂) ရက်နေ့ နံနက်ပိုင်းတွင်  ပြည်နယ် NLD ပါတီရုံး၌ အနိုင်ရပါတီ ကိုယ်စားလှယ်များ၊ အောင်နိုင်ရေးအဖွဲ့ဝင်များနှင့်သာ တွေ့ဆုံခဲ့ပြီး နေ့လယ်ပိုင်းတွင် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်များနှင့်တွေ့ဆုံရန် အစီအစဉ် ပျက်သွားသည်ဟု သိရသဖြင့် ပြည်နယ် NLD ပါတီဥက္ကဌထံ အတည်ပြုရန် ဆက်သွယ်ခဲ့သော်လည်း  ဖုန်းဆက်သွယ်၍ မရခဲ့ပါ။

NLD ပါတီသည် ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် ပါတီ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံးခါးနော်ဆမ်တို့ ပါဝင်သည့်  တွေ့ဆုံဆွေးနွေးရေးအဖွဲ့ကို ဒီဇင်ဘာလ (၁၂) ရက်နေ့က ဖွဲ့ စည်းခဲ့ခြင်းဖြစ်သည်။

အဆိုပါအဖွဲ့သည် မွန်ပြည်နယ်တွင် မွန်ညီညွတ်ရေးပါတီနှင့် တွေ့ဆုံဆွေးနွေးရန် ဇန်နဝါရီလ (၄)ရက်နေ့က စီစဉ်ခဲ့စဉ်ကလည်း ဆွေးနွေးမည့်နေရာ ညှိနှိုင်း၍ မရသဖြင့် ဆွေးနွေးပွဲ ပျက်ခဲ့ရခြင်းဖြစ်သည်။

Tachileik News Agency

သတင်း၊ ဓာတ်ပုံ - ဆန်းဖြိုးထွန်း

ဆန်းဖြိုးထွန်းသည် Tachileik News Agency ၏ ကယားပြည်နယ်အခြေစိုက် အကြီးတန်း သတင်းထောက်ဖြစ်သည်။