အိန္ဒိယနိုင်ငံရောက် CDM ဝန်ထမ်းတစ်စု၏ ဘဝရပ်တည်ရေးကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်း

 မြန်မာ့စစ်အာဏာသိမ်းမှု (၃)နှစ်ကျော်ကာလအတွင်း အာဏာဖီဆန် CDM လုပ်ဆောင်သည့်ဝန်ထမ်းများသည် အာဏာသိမ်းစစ်အုပ်စုဘေးမှ လွတ်မြောက်ရာဒေသအသီးသီးသို့ ထွက်ပြေးခိုလှုံရင်း ဘဝရပ်တည်ရေး နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းကာ အာဏာဖီဆန်မှုကို ဆက်လက်၍ ကြံ့ကြံ့ခံနေဆဲဖြစ်သည်ကို တွေ့ရသည်။

ယင်းတို့အနက် အိန္ဒိယနိုင်ငံ၊ နယူးဒေလီရောက် CDM ဝန်ထမ်းတစ်စုက ဘာသာစကား အခက်အခဲ အပါအဝင် အခက်အခဲမျိုးစုံကြားမှ မြန်မာစားသောက်ဆိုင်တစ်ဆိုင် ဖွင့်လှစ်ကာ ဘဝရပ်တည်ရေး ဖြေရှင်းနေကြသည်ကို တွေ့ရသည်။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁)ရက်နေ့တွင် အရပ်သားအစိုးရကို ဖမ်းဆီးပြီး စစ်တပ်က အာဏာသိမ်းလိုက်သည့်ဖြစ်စဉ်ကို လက်မခံကြသည့် ပြည်သူများနှင့်အတူ နိုင်ငံ့ဝန်ထမ်းများကလည်း အာဏာဖီဆန် CDM လှုပ်ရှားမှုလုပ်ဆောင်လာကြရာ အာဏာသိမ်းစစ်အုပ်စုက နည်းမျိုးစုံဖြင့် ဖမ်းဆီးခြင်းများလုပ်နေသဖြင့် လွတ်မြောက်ရာနေရာအသီးသီးသို့ ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်။